ထူးဟိုတယ်လုပ်ငန်းစု တခုဖြစ်သည့် Myanmar Treasure Hotel & Resort Group Company Limited သည် စင်ကာပူ အခြေစိုက် Banyan Tree Holdings Limited ၏ လက်အောက်ခံ ကုမ္ပဏီ ၁ ခုဖြစ်သော Banyan Tree Hotel & Resorts နှင့် အကျိုးတူ ပူးပေါင်းကာ ထူးဟိုတယ်လုပ်ငန်း လက်အောက်ရှိ ဟိုတယ်နှင့် အပန်းဖြေစခန်း ၁၇ ခုကို စီမံခန့်ခွဲ သွားမည် ဟု သိရသည်။
ယနေ့ နေ့လည်ပိုင်းက ထူးကုမ္ပဏီများအုပ်စု ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ ထူးဟိုတယ်လုပ်ငန်းစုသည် အဆိုပါ ကုမ္ပဏီနှင့် အတူ မြန်မာနိုင်ငံရှိ ဟိုတယ်စီမံခန့်ခွဲမှုလုပ်ငန်း “the JV” ကို အကျိုးတူ ဖက်စပ်ပူးပေါင်းကာ လက်တွဲ အလုပ် လုပ်ဆောင်သွားရန် မတ်လ ၁၆ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။
Htoo Group ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးတေဇက “ကျနော်တို့အနေနဲ့ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင် ကို မထိခိုက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုမျိုးကို အလေးပေး ဆောင်ရွက်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းထားရင်းနဲ့ တပြိုင် တည်းမှာ မြန်မာ့ခရီးသွားလုပ်ငန်းကို ကမ္ဘာ့အဆင့်မီဖြစ်တဲ့အထိ ကြိုးစားဖို့ သံန္ဓိဋ္ဌာန် ချထားတယ်။ ကျနော်တို့ လုပ်ငန်းစုက အခြားနယ်ပယ် ကဏ္ဍတွေမှာ လက်တွဲလုပ်ကိုင်လိုတဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့်သူတွေကို အတူတကွ အောင်မြင် အောင် ကြိုးစားဖို့ စိတ်အားထက်သန်စွာ ကြိုဆိုလျက် ရှိနေပါတယ် ” ဟု ပြောထားသည်။
စီမံခန့်ခွဲသွားမည့် ဟိုတယ်နှင့် အပန်းဖြေစခန်းများ စာရင်းတွင် ထူးဟိုတယ်လုပ်ငန်း၏ ဟိုတယ်နှင့် အပန်းဖြေစခန်းများ ဖြစ်သည့် ပုဂံ၊ ငပလီနှင့် အင်းလေးဒေသများတွင်ရှိသော Aureum Palace ဟိုတယ်နှင့် အပန်းဖြေစခန်း၊ မလိခ Lodge တို့အပြင် တည်ဆောက်ဆဲဖြစ်သော ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့် မြိတ်ကျွန်းစုတွင် အသစ် တည်ဆောက်မည့် ဟိုတယ်လည်း အပါအဝင် ဖြစ်သည်။
ကနဦးတွင် “the JV” သည် အကျိုးတူဖက်စပ် ပူးပေါင်းလုပ်ကိုင်သော ဟိုတယ်နှင့် အပန်းဖြေစခန်းများကို အမည်သစ် ပေး၍ သော်လည်းကောင်း၊ Banyan Tree Holdings လက်အောက်ရှိ အမည် ၁ ခုအဖြစ်ဖြင့် အမည်ပေး၍ သော်လည်း ကောင်း တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။
Banyan Tree Holdings Limited သည် ဟိုတယ်၊ အပန်းဖြေစခန်း၊ Spa၊ ပြခန်း၊ ဂေါက်ကွင်းနှင့် အဆင့်မြင့်အိမ်ယာ အစရှိသည့် လုပ်ငန်းအမျိုးမျိုးကို လုပ်ငန်းစု လက်အောက်ရှိ ဆု ၅ ကြိမ် ရရှိထားသော Banyan Tree, Angsana, Cassia, Dhawa နှင့် Laguna အစရှိသော လုပ်ငန်းခွဲများမှ လုပ်ကိုင်နေလျက် ရှိသည်။
အဆိုပါ ကုမ္ပဏီ လုပ်ငန်းစု လက်အောက်တွင် ဒေသဆိုင်ရာ တိုးတက်မှု မဟာဗျူဟာအရ အကောင်အထည် ဖော်ဆောင် လျက်ရှိသော နိုင်ငံတကာရှိ ဟိုတယ်နှင့်အပန်းဖြေစခန်း မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ ၄၆ ခုရှိနေပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မေလကုန်တွင် လေကြောင်းလိုင်းအများစု ဒေဝါလီခံရနိုင်
စက်ရုံ ပိတ်သိမ်းမှု သတင်းမပို့လျှင် MIC ဥပဒေနှင့် အရေးယူနိုင်
မန္တလေး-မြစ်ကြီးနား အထက်တန်းရထားခရီးစဉ် ပြေးဆွဲမည်