မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ် ၇ ခု အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေးချက် ယနေ့ ထုတ်ပြန်ထားသည်။
မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မိုးရွာတဲ့ အထက်ပိုင်းတွေမှာတော့ အပူချိန် အနည်းငယ် လျော့သွားမယ်။ မြန်မာနိုင်ငံ အောက်ပိုင်းတွေကတော့ အပူချိန် မကျဘူး” ဟု ပြောသည်။
အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများ ဖြစ်နိုင်သည့်အတွက် သတိထားရန်လည်း မိုး/ဇလ က သတိပေးချက် ထုတ်ပြန်ထားသည်။
အချိန်အခါ မဟုတ် မိုးရွာမည့် တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့ ဖြစ်ကြောင်း မိုး/ဇလ မှသိရသည်။
နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လတွင်း ရှိသည့် ပျမ်းမျှအပူချိန် ထက် ၃ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်
You may also like these stories:
မန္တလေးတိုင်း ရေပြတ်နိုင်သည့် ကျေးရွာများအတွက် ကျပ်၂၄ သန်းကျော် သုံးစွဲမည်
ပလက်ဝ ဒေသခံများ စားနပ်ရိက္ခာ သယ်ယူရေး စီစဉ်