ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ Su Xing အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာမြို့ နယ် စက်မှုဇုန် ၂ မှ Myanmar Royal Apollo အထည်ချုပ် စက်ရုံ လုပ်ငန်းရှင်တို့သည် လစာမပေးဘဲ ထွက်ပြေးသဖြင့် အရေးယူပေးရန် အလုပ်သမားများက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှေ့ သို့ လာရောက် တောင်းဆိုကြသည်။
ယနေ့ နေ့လည်ပိုင်းက အဆိုပါ စက်ရုံ ၂ ရုံမှ အလုပ်သမားများ၊ သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“အလုပ်သမားများရဲ့ အခက်အခဲတွေကို ဝန်ကြီးထံလာရောက် တင်ပြ တောင်းဆိုတာဖြစ်ပါတယ်။ ရန်ကုန်မှာမြို့နယ်ဦးစီးတွေ ဆိုင်ရာဆိုင်ရာရုံးတွေမှာ စာတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးမဲ့သူ မရှိဘူး”ဟု သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှ ဒေါ်မျိုးမျိုးအေးက ဝန်ကြီးရုံးရှေ့တွင် သတင်းထောက်များကို ပြောသည်။
Su Xing အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးဖြစ်သူ မမီးမီးကလည်း”ထွက်ပြေးသွားတဲ့ အလုပ်ရှင်ကို ဘာလို့ တရားစွဲမပေးတာလဲ။ လူမှုဖူလုံရေးရုံးကို လုပ်ခလစာထဲက လတိုင်းပေးသွင်းထားရဲ့သားနဲ့ အခုချိန်ထိ တဖက်တလမ်းက ကူညီတာမရှိဘူး။ ဒါတွေကို သိချင်လို့ လာခဲ့တာပါ”ဟု ပြောသည်။
အဆိုပါ စက်ရုံပိုင်ရှင်များမှာ မတ်လ ၅ ရက်နေ့ လစာပေးရက် မတိုင်ခင် စက်ရုံ ကို ပစ်ထားရျ် နိုင်ငံခြားသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စက်ရုံ၂ ရုံပေါင်းမှ လုပ်သားပေါင်း ၈၀၀ ကျော် ရှိပြီး ၎င်းတို့၏ နစ်နာကြေးများကို ပြန်လည်ရရှိရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
ဝန်ကြီးဌာနရုံးဘက်မှ တာဝန်ရှိသူ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “အလုပ်ရှင်က ရှာမရဘူး ဖြစ်နေတယ်။ ဒီပြဿနာသည် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနကလည်း ဘာကိုလုပ်နေရတာ လဲဆိုရင် အလုပ်ရှင်မရှိတဲ့ စက်ရုံကိုစာပို့ပြီးတော့ စာပို့လဲမထူးဆိုတာ သိနေပေမယ့်လည်း လုပ်ထုံး လုပ်နည်းအတိုင်း တိုင်းဒေသကြီးနဲ့အစိုးရကို သိအောင်လုပ်ပေးနေတာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ စက်ရုံ ၂ ရုံမှ အလုပ်ရှင် ထွက်ပြေးသွားသည့် ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာန ရုံးအနေဖြင့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။
ရန်ကုန်တိုင်း အတွင်း၌ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ် အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ် စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက သိရသည်။
ဆက်စပ်လင့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်
ပြည်တွင်း၌ စက်ရုံများ ပိတ်၍ အလုပ်သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ဖြစ်