ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ချုပ် (WHO)ကကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကချင်ပြည်နယ်သို့ တရုတ်များ ဝင်ရောက်လာခြင်းမရှိစေရေး တားဆီးပေးရန် ကချင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက နိုင်ငံတော်သမ္မတထံသို့ ယနေ့စာတစောင် တင်ပြ၍ တောင်းဆိုလိုက်သည်။
အာဏာရ NLD ပါတီမှ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦး ဇယ်ခေါင်နှင့် ဝိုင်းမော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂလန်ဇယ်ဂျုံးတို့က အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး ကချင်ပြည်နယ်တွင် ကန်ပိုင်တီး နယ်စပ်ဂိတ်မှ ဝိုင်းမော်မြို့သို့ ဝင်ထွက်သွားလာနေသည့် တရုတ်ပြည်မှ ကားများနှင့် တ ရုတ်လူမျိုးများကို ဝင်ခွင့်မပြုရန် တင်ပြလိုက်ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်က“တရက်ကို အဝင်၊ အထွက် အစီးရေ ၂၀၀ ဝန်းကျင် ရှိတယ်။ ဂိတ်ရဲ့ မှတ်တမ်းတွေအရပါ။ ဝိုင်းမော်မြို့နယ်က မြို့နယ်ဆရာဝန်တွေ ကျန်းမာရေး စစ်ဆေးနေတဲ့အခါ လူစာရင်းအရ ဆိုရင် လူဦးရေက ၆၀၀ ကျော်အထိ တရက်ကို ရှိတယ်”ဟု ယနေ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
ယခုဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သဖြင့် တရုတ်နိုင်ငံ သားများ မြန်မာနိုင်ငံ အတွင်းသို့ တရုတ်တစ်ရှူး ငှက်ပျောများ သယ်ဆောင်သည့် ကားများနှင့် တရုတ်များ ဝင်ထွက်သွား လာမှုများကို ဒေသခံများက စိတ်ပူနေသည်ဟု ဦးဇယ်ခေါင်က ဆိုသည်။
ထိုသို့ တစ်ရှူးငှက်ပျောများသယ်ယူနေသည့် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ ဝင်၊ ထွက်သွားလာနေသဖြင့် သွားလာခွင့်ပိတ်ရန်တွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို မေးမြန်းရာတွင် ပြည်နယ် အစိုးရနှင့်သာ သက်ဆိုင်ကြောင်း၊ ပြည်နယ် အစိုးရကို မေးရာတွင် ပြည်ထောင်စု အစိုးရနှင့်သာ ဆိုင်ကြောင်းပြော ဆိုသဖြင့် ယခုလို သမ္မတထံ စာတင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဇယ်ခေါင်က“ဒေသအတွင်းရှိတဲ့ သူတွေကတော့ ဘုရားကျောင်း မတက်ရဘူး။ လူစုလူဝေး မလုပ်ရဘူး ပြောပြီးမှ တ ရုတ်ပြည်က တကယ်ဖြစ်တဲ့ဒေသက တရုတ်က အဝင်၊ အထွက် လုပ်နေတာကို ကျနော်တို့ ပြည်သူတွေက ဒါကိုစိတ်ပူ တာ”ဟုပြောသည်။
အစိုးရအနေဖြင့် နယ်စပ်ဂိတ် စစ်ဆေးရေးများမှ ပြည်ဝင်ခွင့် ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို မတ်လ ၁၉ ရက်နေ့က စတင်၍ ယာ ယီပိတ်ပင်ထားသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သည့် နိုင်ငံပေါင်း ၁၈၀ ကျော်ရှိနေပြီး သေဆုံးသူ ၁ သောင်းကျော် ရှိနေချိန်တွင် မြန်မာ နိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ တဦးမှ မရှိသေးကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ တစ်ရှုးငှက်ပျော တင်ပို့မှု ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇ သိန်းကျော် တန်ဖိုး တင်ပို့ထားကြောင်းနှင့် တစ်ရှုးငှက်ပျော စိုက်ပျိုးမှု တဧက ကုန်ကျစရိတ် ကျပ်၂၅ သိန်းခန့် ရှိပြီး အသားတင် အကျိုးအမြတ် ကျပ် ၃၆ သိန်းခန့် ရရှိ ကြောင်း စိုက်ပျိုရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော