ပြည်ထောင်စု အစိုးရ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လွှတ်တော်သို့ ပေးခဲ့သည့် ကတိများ အနက် ရာခိုင်နှုန်း ထက်ဝက်ကျော်ကိုသာ လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီအရင်ခံစာ ၁/၂၀၂၀ အရ သိရသည်။
NLD အစိုးရလက်ထက်တွင် စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးများထဲမှ ၁၃ ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ မေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများကို ပြည်ထောင် စုအဆင့် အဖွဲ့အစည်းများ၏ဖြေကြားချက်များအပေါ် သုံးသပ်၍ ယခု အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးနိုင်က ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။
“ကျန်ရှိတဲ့ လုပ်ငန်းများကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင်း ပြီးစီးနိုင်အောင် ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးများ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် လုပ်ငန်းများ တိုက်ဆိုင်စိစစ်ခြင်း၊ ညှိုနှိုင်းဆောင်ရွက် ခြင်းတို့အပြင် ကွင်းဆင်းစိစစ်ခြင်းတို့ကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါသည်”ဟု ဦးမျိုးနိုင်က ယင်း အစီအရင်ခံစာကို ဖတ်ကြားစဉ် ပြောဆိုသည်။
အစီရင်ခံစာအရ အတည်ပြု အဆိုပေါင်း ၇၀ တွင် ၂၁ သာ လုပ်ငန်းပြီးစီးခဲ့ကြောင်း၊ ကြယ်ပွင့်ပြ ကတိ ဖြစ် မေးခွန်းပေါင်း ၅၂၃ ခု တွင် ၂၈၀ ခု လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ကြယ်ပွင့် မပြ ကတိဖြစ်မေးခွန်း ၂၆၁၀ ခုတွင် ၁၅၉၁ ခုကို ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် အတည်ပြုအဆိုနှင့် ကတိဖြစ်မေးခွန်း စုစုပေါင်း ၃၂၀၃ ခုရှိသည့်အနက်မှ လုပ်ငန်းပြီးစီးမှု ၁၈၉၂ ခုရှိသောကြောင့် ရာခိုင်နှုန်းအားဖြင့် ၅၉ ဒသမ ၀၇ ရခိုင်နှုန်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အစီအရင်ခံစာတွင် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ် နည်း အတိုင်း သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။