ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် မန္တလေး ပဲနှမ်းကုန်စည်ဒိုင် မတ်လ၂၅ ရက်မှ စတင်၍ ယာယီပိတ်မည်ဖြစ် ကြောင်း ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ပဲနှမ်း ကုန်စည်ဒိုင်)က ယနေ့သတင်း ထုတ်ပြန်သည်။
ကုန်စည်ဒိုင် ပြန်ကြားရေး ဥက္ကဋ္ဌ ဦးချွန်က “အစိုးရက ဒီရောဂါနဲ့ ပတ်သက်ပြီး ကင်းရှင်းပြီ၊ စိတ်ချရပြီဆိုမှ ပြန်ဖွင့်မှာ ပါ။ အကြမ်းဖျင်းအားဖြင့်တော့ ဧပြီလကုန်အထိ ပိတ်မှာပါ” ဟု ဧရာဝတီကို ပြောသည်။
ကုန်စည်ဒိုင် ပြန်လည် ဖွင့်မည့်ရက်အတိအကျအား အသင်းတိုက် သင်ပုန်းနှင့် အသင်း Facebook Page တွင် ကြေ ညာပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မန္တလေး အပါအဝင် အထက်မြန်မာ၏ အဓိက ပဲနှမ်းဈေးကွက် တခုဖြစ်သော မန္တလေး ပဲနှမ်းကုန်စည်ဒိုင်တွင် နေ့စဉ် အရောင်းအဝယ် လုပ်နေသော ကုန်သည်၊ ပွဲစားအရေအတွက် ၁ ထောင်ဝန်းကျင်ခန့် ရှိပြီး မန္တလေးမှတဆင့် ကုန်း လမ်းဖြင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသော ဈေးကွက်တခုလည်း ဖြစ်သည်။
မန္တလေး ကုန်စည်ဒိုင်တွင် အသင်းသား၊ ကိုယ်စားလှယ် အပါအဝင် ၃ ထောင်ဝန်းကျင်ခန့် ရှိပြီး ယခင်လမှ စတင်၍ ဒိုင်အတွင်း လာရောက် အရောင်းအဝယ် လုပ်သည့် တရုတ်နိုင်ငံသား ဧည့်သည်အသစ်များ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့ ကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးကျောက်ဝိုင်းနှင့် စားသောက်ဆိုင်များ ယာယီပိတ်မည်
မန္တလေးရှိ နိုက်ကလပ်၊ ဘားများ ယနေ့မှစ၍ ပိတ်ရမည်