မြန်မာပြည်တွင် ကိုရိုနာရောဂါပိုး (COVID-19) ရှိ လူနာတွေ့ပြီ ဖြစ်သည့်အတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ( ကာ/ လုံ) နှင့် ညှိနှိုင်းဆောင်ရွက်ရန် ကြံ့ခိုင်ရေးပါတီမှ ယနေ့ လွှတ်တော်သို့ အရေးကြီး အဆို တင်သွင်းရာ လက်မခံကြောင်း သတင်း ရရှိသည်။
“ဒါတွေကို ထိထိရောက်ရောက် ကာကွယ် ထိန်းချုပ်ဖို့ အတွက် အမျိုးသားအဆင့် ဆောင်ရွက်ဖို့ အတွက်ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ( ကာ/လုံ) မှာ ညှိနှိုင်းတိုင်ပင်ပြီးတော့ ခေါ်ယူပြီး ဆောင်ရွက်ဖို့ အတွက် အရေးကြီး အဆိုတင်တာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်၊ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသောင်းအေး က ပြောသည်။
ထိုသို့ အရေးကြီးအဆိုကို ယနေ့ မနက်ပိုင်းက ကြံ့ခိုင်ရေး ပါတီမှ ဦးမောင်မြင့် က လွှတ်တော် နာယကထံ တင်ပြခဲ့ခြင်း ဖြစ်ပြီး၊ အရေးကြီး အဆိုကို လွှတ်တော် နာယက ဦးတီခွန်မြတ်က လက်မခံခဲ့ကြောင်း သိရသည်။
အဆိုပါ အရေးကြီး အဆိုထဲတွင် လတ်တလော ဖြစ်ပေါ်နေသည့် COVID-19 နှင့်ပတ်သက်ရာတွင် မတ်လ ၂၄ ရက်နေ့မှ စပြီး ကူးစက်လူနာ စတွေ့ပြီးဖြစ်ကြောင်း၊ ပြည်ပမှ ဝင်လာသည့် သူများလည်း များစွာ ရှိသည့်အတွက် ထိရောက်သည့် ကာ ကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကာ/လုံ နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် သဖြင့် အရေးကြီးအဆို တင်ရခြင်း ဖြစ်ကြောင်း ဦးသောင်းအေး က ရှင်းပြသည်။
ကြံ့ခိုင်ရေး ပါတီမှ ယင်းအဆိုနှင့် ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ကလည်း အဆိုပါ ဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ကူး စက်လာပါက မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကြိုတင် ပြင်ဆင်မည့် ဆောင်ရွက်မည့် အခြေအနေများကို အရေးကြီး အဆို တရပ် အနေဖြင့် တင်ပြခဲ့ရာတွင်လည်း မအောင်မြင်ခဲ့ပါ။
ယင်းအဆိုထဲတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး အနေဖြင့် ရောက်လာခဲ့ပါက ချက်ချင်း တုန့်ပြန် ဆောင်ရွက်ရန်၊ အမှန်တကယ် ကူးစက်ခံရပါက မည်သို့ တုန့်ပြန် ဆောင်ရွက်မည်ကို အဆင်သင့် လုပ်ထားရန် လိုအပ်ကြောင်း၊ လူနာများ ထားရှိရန်၊ ကုသရန် လိုအပ်သည့် ဆေးဝါးများ အစ ရှိသည်များကို ကြိုတင် ဆောင်ရွက်ရန် စသည့် အချက်များပါသည့် အရေးကြီး အဆိုမှာ တင်ခွင့်မရခဲ့ပါ။
ကိုရိုနာဗိုင်းရပ်စ် ပိုးသည် မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ ၂ ဦးရှိပြီး၊ စောင့်ကြည့်လူနာ ၂၁၅ ဦး၊ သံသယ လူနာ ၂ ဦး တွေ့ရှိထားကြောင်း သိရသည်။
You may also like these stories:
မဲဆောက်-မြဝတီနယ်စပ်ပေါက် အဝင်အထွက် ပိတ်ရန် မရှိသေး
ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြားက မြန်မာလုပ်သားတို့ရဲ့ အိမ်ပြန်ခရီး
ဧရာဝတီတိုင်းရှိ ကမ်းခြေနှင့်တန်ခိုးကြီးဘုရားများသို့ လည်ပတ်ခွင့်ပိတ်မည်