ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး (မြို့တော်ခန်းမ) သို့ ဧည့်ဝင်၊ ဧည့်ထွက် ပြုလုပ်မှုများကို ရပ်ဆိုင်း လိုက်ကြောင်း YCDC မှ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောသည်။
“ဧည့်ဝင် ဧည့်ထွက်လည်း lockdown လုပ်လိုက်တယ်။ ကန့်သတ်ရမယ့် အနေအထား ရောက်လို့။ positive ၃ ယောက်ရှိလို့လေ။ ပေါ့လို့မရဘူး။ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူအစုလိုက်အဝေးလိုက် ဝင်တာထွက်တာတို့ အစည်းအဝေး လုပ်တာတို့ လျှော့ချတယ်” ဟု ၎င်းက ဆိုသည်။
YCDC က ပေးသော ဝန်ဆောင်မှုဖြစ်သည့် မြေယာစီမံခန့်ခွဲမှု လျှောက်လွှာများကို ဧပြီ ၃၀ ရက်နေ့အထိ ရပ်ဆိုင်း လိုက်သော်လည်း ဆောက်လုပ်ရေး ပါမစ်များကိုမူ အွန်လိုင်းမှ တဆင့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
ဦးသန်းက “မြေယာစီမံခန့်ခွဲမှုကို အွန်လိုင်းက ဘာလို့ မပေးတာလဲဆိုတော့ မိတ္တူ မူရင်း တိုက်ဆိုင်မှုက လူလာရ တယ်။ အဲဒီလို လာရမှာ ဖြစ်တဲ့ အတွက်ကြောင့် သူ့ကျတော့ အွန်လိုင်းကနေ မရတော့ဘူး။ Manual စနစ်လည်း မလုပ်ပေးတော့ဘူး” ဟုဆိုသည်။
မြို့တွင်း အခြားဝန်ဆောင်မှုများ ဖြစ်သည့် ရေပေးဝေရေး ၊ အမှိုက်သိမ်းခြင်း၊ ပန်းဥယျာဉ် အစရှိသည့် ဝန်ဆောင် မှုများကို ပုံမှန်အတိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း လာမည့် တနလာင်္နေ့မှ စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရှိ ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းသာ ရုံးအတက်အဆင်း ပြုလုပ်မည် ဖြစ်ကြောင်း YCDC မှ သိရသည်။
ကမာ္ဘ့ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် မတ် ၂၅ ရက်အထိ ကမာ္ဘ့နိုင်ငံ ၁၉၆ နိုင်ငံ အထိ ပြန့်ပွားလျက် ရှိပြီး သေဆုံးသူ ၁၈၅၈၉ ဦး ရှိပြီဖြစ်သည်။
မတ်လ ၂၅ ရက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်လည်း COVID-19 ပိုးတွေ့ရှိသူ ၃ ဦး ရှိပြီး သံသယလူနာ၂ ဦးနှင့် စောင့်ကြည့်လူနာ၂၇၄ ဦး ရှိသည့်အနက် ပိုးမတွေ့ လူနာ၂၅၃ ဦး၊ ဓာတ်ခွဲ စောင့်ဆိုင်းဆဲ ၂၀ ဦး ရှိသည်။
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်