မန္တလေး ကန်တော်နဒီဆေးရုံတွင် တက်ရောက်နေသည့် စောင့်ကြည့် သံသယ လူနာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရကြောင်း ယနေ့နံနက်အစောပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ ပိုးတွေ့ လူနာမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်သို့ လာရောက်သူ အမေရိကန်နိုင်ငံသား ခံယူ ထားသော ၃၃ နှစ်အရွယ် မြန်မာအမျိုးသားဖြစ်ပြီး မတ်လ ၁၉ ရက်ကတည်းက အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိခဲ့ သူဖြစ် သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းလူနာသည် မတ်လ ၂၂ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့သဖြင့် မတ်လ ၂၅ ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် ၎င်း၏ဓာတ်ခွဲနမူနာအားရယူပြီး အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာမတ်လ ၂၇ ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19ရောဂါပိုးတွေ့ရှိရသည်ဟု သိရသည်။
အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ ရန်ကုန်မြို့သို့ မတ်လ ၁၉ရက် ညနေ ၆နာရီတွင် Qatar လေကြောင်းလိုင်းဖြင့် ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့သည်ဟု သိရသည်။
ယင်းနောက် မတ်လ ၂၀ ရက် ည ၁၀ နာရီ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် ရန်ကုန်မှ မန္တလေးသို့ ရောက်ရှိခဲ့ပြီး အဝေးပြေးကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိ ၎င်း၏နေအိမ်သို့ မီနီအိုးဝေအငှါးယာဉ်ကို အသုံးပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မြန်ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်သဖြင့် လူနာ၏ လွန်ခဲ့သော၂ ပတ် အတွင်း ခရီးသွားရာဇဝင်များအရ မြန်မာနိုင်ငံသို့စတင် ပြန်လည်ရောက်ရှိခဲ့သည့် အချိန်မှ ကန်တော်နဒီဆေးရုံသို့ စောင့်ကြည့်လူနာ အဖြစ်မရောက်ခင်အထိ ၎င်းသွားရောက်အသုံးပြုခဲ့သော နေရာများ၊ ယာဉ်များစသည်တို့မှာ များပြားသဖြင့် အများပြည်သူအတွက် ရောဂါကူးစက်မှုနှုန်းပိုများနိုင်သဖြင့် မန္တလေးမြို့ခံများအကြား စိုးရိမ်မှုများရှိနေသည်။
သက်ဆိုင်ရာဝန်ကြီးဌာန၏ မတ်လ ၂၇ ရက်နံနက်အစောပိုင်း သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိလူနာ ၅ဦး ရှိပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး ကူးစက်ခံရသူ ၄ သိန်းနီးပါးနှင့် သေဆုံးသူ ၂သောင်းနီးပါးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် သတင်းများ သိနိုင်ရန် ရခိုင် အင်တာနက် ပြန်ဖွင့်ပေးရေး တောင်းဆို
Home Quarantine ဆိုတာ လိုအပ်လို့သာ လုပ်ခိုင်းတာ ဖြစ်တယ်
အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ကြေညာ