မြန်မာနိုင်ငံ အနေဖြင့် COVID-19 ကူးစက်ရောဂါ စစ်ဆေးခြင်း လုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် Test Kits အရေအတွက် ငါးသောင်းအထိ ထပ်မံပို့ဆောင်ရန်ရှိကြောင်း မြန်မာနိုင်ငံရှိ ကုသသမဂ္ဂအဖွဲ့ အစည်း (UN)က ယနေ့သတင်းထုတ်ပြန်လိုက်သည်။
ယင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ထောက်ပံ့ပေးခဲ့သည့် TEST KITS အရေအတွက် သုံးထောင်အပေါ် ထပ်တိုးမှာယူခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNOPS၊ UNICEF၊ WFP နှင့် UNHCR တို့၏ အတူတကွ ထောက်ပံ့မှုများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ဌာနေကိုယ်စားလှယ်/လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးတာဝန်ခံ Ola Almgren က “ကုလသမဂ္ဂအနေဖြင့် အစိုးရ၏ ရောဂါစစ်ဆေးရေး တိုးမြှင့်ဆောင်ရွက်ရန် ကြိုးစား အားထုတ်မှုများအား ဆက်လက်၍ အထောက်အပံ့ပေးရန် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိကြောင်း၊ test kits ထပ်လောင်း ဝယ်ယူပေး ရန်နှင့် ရောဂါစစ်ဆေးရေးအတွက် လိုအပ်သော အစီအစဉ် ရေးဆွဲခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုများအား စိစစ်ခြင်းများ နှင့်ပတ်သက်၍ အထောက်အပံ့ပေးရန် အဆင်သင့်ရှိကြောင်း” ပြောထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ ၁၄ ဦးအား အတည်ပြု တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူများတွင် ကူးစက်ရောဂါပိုး ပါလာနိုင်ချေရှိနေသည့်အတွက် ကပ်ရောဂါကြီး (Big Outbreak) အသွင် ဖြစ်ရန် အလားအလာရှိနေကြောင်းလည်း အစိုးရက သတိပေးထားသည်။
မြန်မာအစိုးရအနေဖြင့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်နိုင်မှုအရေအတွက်မှာ နည်းပါလျှက်ရှိပြီး မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်အထိ စောင့်ကြည့်လူနာ ၄၇၄ ဦးနှင့် သံသယလူနာ ၂ ဦးတို့တွင် ဓာတ်ခွဲစစ်ဆေး၍ ပိုးမတွေ့သူ ၄၀၃ ဦးရှိသည်။
UN သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ဦးအေးဝင်း က “အဖွဲ့အစည်းအားလုံးက ဝိုင်းပြီး မှာထားပေးတဲ့ အရေအတွက်ကို ပေါင်းထားတာပေါ့၊ နောက်ထပ်လည်း ထပ်ပြီးတော့ အရေအတွက်တိုးလာနိုင်ပါသေးတယ်၊ အခုချိန်ကတော့ Test Kits တွေက အရမ်းလိုအပ်နေတဲ့အချိန်ပါ၊ အရမ်းကိုရှားနေတဲ့အချိန်လည်းဖြစ်တော့ နိုင်ငံတကာ အစိုးရတွေနဲ့ ညှိနှိုင်းပြီးလုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာရှိ UN ဝန်ထမ်းဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးတဦးမှာလည်း COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံတွင် မတ်လ ၂၆ ရက်နေ့က စတင်ကာ ကုသပေးလျှက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဦးအေးဝင်းက “UN ဝန်ထမ်းအမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေက သက်သာလာတယ်လို့ သိထားရပါတယ်၊ ဆေးရုံက ဝန်ထမ်းတွေကလည်း သေသေချာချာ ပြုစု ကုသပေးနေကြပါတယ်”ဟု ပြောသည်။
UN အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကာ personal protective equipment နှင့် အထူးတီထွင်ထားသည့် ဆေးပစ္စည်း ကိရိယာများ ဝယ်ယူပေးခြင်း၊ ကျန်းမာရေးအဆောက်အအုံများ၏ အင်အားများ တိုးချဲ့ပေးခြင်း အစရှိသည့် ရောဂါပျံ့နှံ့မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အပံ့ပေးရန်လို အပ်မည့် ကဏ္ဍများကိုလည်း ဖော်ဆောင်ပေးလျှက်ရှိကြောင်း ၎င်းတို့က ဆိုထားသည်။
မြန်မာနိုင်ငံသို့ Jack Ma ဖောင်ဒေးရှင်းနှင့် Alibaba ဖောင်ဒေးရှင်းတို့ကလည်း COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးရေးကိရိယာများ လူဦးရေ ၂၈၈၀၀ ဦးစာနှင့် N95 နှာခေါင်းစည်း အခုရေ ၁ သိန်းတို့အား လွှဲပြောင်းလှူဒါန်းမှုကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ယနေ့ပြုလုပ်ခဲ့သည်။
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်