ဗိုင်းရပ်စ် ကူးစက် ခံထားရသူများကို ဖော်ထုတ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပြီဟု သမ္မတရုံးက သတင်း ထုတ်ပြန်လိုက်သည်။
ကော်မတီကို မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန် ကြေညာ လိုက်ခြင်း ဖြစ်သည်။
ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ယင်းကော်မတီတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးကို အတွင်းရေးမှူး (၁)၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးအား အတွင်းရေးမှူး (၂) အဖြစ် တာဝန် ပေးထားကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ မှ ပြည်ထောင်စုဝန်ကြီးများ နှင့် ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)၏ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
ကော်မတီ၏ အတွင်းရေးမှူး ရုံးအဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် အမြန်ဆုံးဖွင့်လှစ်ပြီး သတ်မှတ်ထားသည့် တာဝန် များ ဆောင်ရွက်ခြင်း၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းများ ဖွင့်လှစ်ခြင်းတို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ရမည်ဟု သိရသည်။
အဆိုပါ ကော်မတီသည် သတ်မှတ်ထားသည့် လုံခြုံရေး၊ ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်း တာဝန်များအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးအပ်မည့် အခြား တာဝန်ဝတ္တရားများကိုလည်း ဆောင်ရွက်ရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကော်မတီ၏ လုပ်ငန်းတာဝန် ၁၁ ရပ်ကိုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပြီး ပထမဆုံး ဖော်ပြထားသည့် လုပ်ငန်းတာဝန်မှာ COVID-19 ပိုး ကူးစက်ခံထားရသူများနှင့် အနီးကပ် ထိတွေ့သူများကို ရောဂါလက္ခဏာ ပြလာ သည်အထိ မစောင့်ဆိုင်းဘဲ လိုက်လံစုံစမ်းခြင်း၊ ရှာဖွေဖော်ထုတ်ခြင်းများ ပြုလုပ်ကာ အမြန်ဆုံးစစ်ဆေးရေး၊ ရောဂါ ခြေချုပ် ထားနိုင်ရေးတို့ကို ဆောင်ရွက်ရန် ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ နှင့် အခြားပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများ၊ ရောဂါပိုး ကူးစက် ခံထားရသူများနှင့် အနီးကပ် ထိတွေ့ခဲ့သူများကို နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များက ပူးပေါင်းပြီး စနစ်တကျ ရောဂါခြေချုပ်ထားကာ စောင့်ကြည့်ခြင်းများ လုပ်ဆောင်ရန် ဟူ၍လည်း ပါရှိသည်။
ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များဖြင့် တိုင်းနှင့် ပြည်နယ် အစိုးရများက လိုက်နာရန် အချက်များကိုလည်း ဖော်ပြထားသည်။
၎င်းတို့မှာ ရပ်ကွက်၊ ကျေးရွာ အလိုက် ရောဂါခြေချုပ် (Community Quarantine) ထားသည့် နေရာများကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှု၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အစိုးရဌာနဆိုင်ရာများက အစိုးရမဟုတ်သည့် အဖွဲ့ များ၊ ကြက်ခြေနီအဖွဲ့၊ လူမှု အရပ်ဘက် အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။
သက်ဆိုင်ရာ ဒေသများတွင် လိုအပ်သည့် ဆေးဆိုင်များ၊ လည်ပတ်ရန်လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများ၏ လုံခြုံရေး၊ COVID-19 နှင့် သက်ဆိုင်သည့် စားနပ်ရိက္ခာသယ်ယူရေး၊ ဆေးဝါးနှင့် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ ဆိုင်ရာ ကိစ္စရပ်များ၊ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသွားသူများကို သဂြိုဟ်ခြင်း လုပ်ငန်းများကိုလည်း အစိုးရဌာန ဆိုင်ရာများက အစိုးရမဟုတ်သည့် အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့၊ လူမှုအရပ်ဘက် အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် ဖော်ပြထားသည်။
ရောဂါပိုးကူးစက်ခံနေရသည့် ကာလအတွင်း အများပြည်သူ ထိတ်လန့်စေရန် သတင်းအမှားများ ဖြန့်ခြင်း၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် လူသုံးကုန် ပစ္စည်းများကို ဈေးတင်ရောင်းခြင်း၊ နယ်စပ်ဒေသ ဝင်ပေါက်များတွင် အဂတိလိုက်စားမှု များ ရှိပါက အရေးယူနိုင်ရေး တို့ကိုလည်း ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အဆိုပါ ကော်မတီက ကိုင်တွယ် အရေးယူ သွားမည်ဟု သိရသည်။
You may also like these stories:
COVID-19 ကို ထိန်းချုပ်ဖို့ တရုတ်မှ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံကို လာမည်
စောင့်ကြည့်မှု မခံယူသည့် ပြည်တော်ပြန်များကို အရေးယူမည် ဟု ဧရာဝတီတိုင်း အစိုးရပြော