ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အကျိုး လို အပ်လျှင် တချို့သောနေရာများ၌ အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် community quarantine ကဲ့သို့ ကန့်သတ် မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညနေပိုင်းတွင် ပြောကြားသည်။
မြန်မာ့ရုပ်မြင်သံကြား ညနေ ၆ နာရီ သတင်း အစီအစဉ်တွင် ထည့်သွင်း ထုတ်လွှင့်သွားသည့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသော မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒီလိုဆောင်ရွက်ရန် ရှိလျှင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ မပြတ်လပ်စေရေး တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျ ဆောင်ရွက် နိုင်ဖို့အတွက် ဒုတိယ သမ္မတ-၁ ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ community quarantine ဆောင်ရွက်ရန် ရှိရင်လည်း စောနိုင်သမျှ စောစော ကြိုတင်ပြီး အသိပေးပါမယ်။ ပြည်သူ များက နားလည်မှုရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
မတ်လ ၂၉ ရက် ည ၁၁ နာရီ ၂၀ မိနစ်တွင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကပ်ရောဂါကြီး Big Outbreak ဖြစ်နိုင်သည် ဟူသော ထုတ်ပြန်ချက် ကြေညာပြီးနောက်ပိုင်း ပြည်သူများအကြား lockdown လုံးဝ ပိတ်လှောင်မှု မလုပ်သေးဘူးလား တိုက်တွန်းနေသူများ၊ မည်သည့်အချိန်တွင် lockdown လုပ်မည်လည်း ဆိုပြီးး စိုးရိမ်နေသူများ ရှိခြင်း အပေါ် တုန့်ပြန် ပြောကြားခြင်းလည်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက COVID-19 နှင့် ပတ်သက်သည့် စီးပွားရေး အကျိုးဆက်များကို တွက်ချက်ပြီး ပြည်သူများ ထိ ခိုက်နစ်နာမှု အနည်းဆုံး ဖြစ်စေရန် နိုင်ငံတော် အစိုးရက အစီအစဉ်များ ချမှတ်ထားပါကြောင်း၊ အလိုအပ်ဆုံး လုပ်ငန်း များအတွက် ချေးငွေပေးခြင်းများ စတင်နေပြီဖြစ်ကြောင်း၊ အလုပ်သမားများကို လုပ်ခပေးနိုင်ရေးနှင့် လုပ်ငန်း ဆက် လက် လည်ပတ်နိုင်ရေးအတွက် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆိုသွားသည်။
“COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက အချိန်ပြည့် အခြေအနေတွေကို လေ့လာပြီး သင့်တော်တဲ့ အစီစဉ်တွေ ချမှတ်အကောင်အထည်ဖော်နေပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အစဉ်တစိုက် နားထောင်လိုက်နာကြဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။
ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းများကို အထူးကျေးဇူးတင်ကြောင်းနှင့် ၎င်းတို့သည် ပြည်သူများအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းများဖြစ်ကြောင်း၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး များ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများ ဝိုင်းဝန်းကူညီပေးနေသည့် ပြည်သူများ အားလုံးကိုလည်း နိုင်ငံတော်၏ ကိုယ်စား ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
COVID-19 ၏ အဆိုးရွားဆုံး အချက်သည် ကူးစက်ပျံ့နှံ့မှု အလွန်မြန်ခြင်းဖြစ်ရာ ရောဂါပိုးကပ်နေနိုင်ခြင်း ရှိသူများကို ကွာရန်တင်း ထားရခြင်းဖြစ်ကြောင်းနှင့် အိမ်တွင်း/ပြင်တွင် လူစုလူဝေး ရှောင်ရန်လည်း တိုက်တွန်းပြောဆိုသည်။
မြန်မာနိုင်ငံတွင် မတ်လ ၃၁ ရက်ထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ၁၄ ဦးရှိပြီး ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် အသက် ၆၉ နှစ်အရွယ် အမျိုးသား လူနာတဦး ကွယ်လွန်သွားခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်