သတင်းတို

COVID-19 ရောဂါပိုးရှိသူ Case 16 လူနာနှင့် သားကို ဝေဘာဂီဆေးရုံသို့ ပို့ထား

Want create site? Find Free WordPress Themes and plugins.

ယနေ့ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အသစ်ထပ်မံ တွေ့ရှိသော COVID- 19 ရောဂါလူနာ အသစ် (Case 16) နှင့် ဒူဘိုင်းမှ ပြန်လည် ရောက်ရှိလာသော ၎င်း၏ သားဖြစ်သူကို မြောက်ဥက္ကလာ မြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။

ယခု ညပိုင်း၌ လူနာအမှတ် ၁၆ နှင့် ပတ်သက်ပြီး ထွက်ပေါ်နေသော ကောလာဟလများဖြစ်သော လူနာ သေဆုံးခြင်း နှင့် သူ၏ သားမှာ ထွက်ပြေးတိမ်းရှောင်သွားသည် ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း မြောက်ဥက္ကလာ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် က ဧရာဝတီသို့ အတည်ပြုသည်။

၎င်းက “အဲဒါတွေ တခုမှ မဟုတ်ပါဘူး။ သူတို့ သားအမိ နှစ်ယောက်စလုံး ဝေဘာဂီဆေးရုံမှာ ရှိပါတယ်။ ကျနော်တို့ အခု အဲဒီဆေးရုံမှာ ရောက်နေတာပါ” ဟု ဆိုသည်။

ထိုလူနာသည် မတ်လ ၁၅ ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး သားဖြစ်သူနှင့် မြောက်ဥက္ကလာ ဂ ရပ်ကွက်၊ နီလာ ၁ လမ်းရှိ နေအိမ်တွင် အတူတူနေထိုင်ခဲ့ကြောင်း၊ ၂ ပတ်ကြာခန့်မှ ရောဂါလက္ခဏာစပြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သီးသန့်ထားရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ လူနာနေထိုင်ခဲ့သော မြောက်ဥက္ကလာ ဂ ရပ်ကွက်ရှိ နေအိမ် အပါအဝင် နီလာ ၁ လမ်းကိုပါ ကန့်သတ်ဧရိယာ တခုအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာ မြို့နယ်အမှတ် ၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် က
“သူက ဆီးချိုရောဂါသည် ဖြစ်တဲ့အတွက် ရပ်ကွက်ထဲက ဆေးခန်းတခုမှာလည်း ပုံမှန်ပြသခဲ့တယ်လို့ သိရတယ်။ သူတို့က နိုင်ငံခြားက ပြန်ရောက်တဲ့ ကိစ္စကို အကြောင်းမကြားဘူး။ အဲဒီလို အကြောင်းမကြားဘဲ သူ့ဘာသာသူ ဆေးခန်းပြနေရာက ရောဂါပေါ်မှ ဆေးရုံသွားတာဆိုတော့ လုပ်ရကိုင်ရတာ တော်တော်တော့ ခက်တော့မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုလူနာသည် မြောက်ဥက္ကလာ ဆေးရုံကြီးသို့ မတ်လ ၃၀ ရက်နေ့တွင် လာရောက် ပြသရာတွင် နိုင်ငံခြားမှ သူ၏ သားပြန်လာခဲ့သည့် ကိစ္စရပ်များကို မပြောကြားဘဲ ပြသခဲ့သည်ဟူ၍လည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်၌ လူနာအမှတ် ၁၆ တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ဒူဘိုင်းမှ ပြန်လာသော သူ၏သားကိုလည်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ၎င်းတို့ သွားရောက်ခဲ့သော နေရာများ နှင့် တွေ့ဆုံခဲ့သော လူများကို ရှာဖွေကာ ကန့်သတ်စောင့်ကြည့်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာအဖွဲ့အစည်းက ဆက်လက် ဆောင်ရွက်သွားရန် လုပ်ဆောင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

မတ် ၂၃ မှ ဧပြီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုး တွေ့ရှိသူ ၁၆ ဦးအထိ ရှိခဲ့ပြီး ၁ဦး မှာ သေဆုံးသွားပြီဖြစ်သည်။

ဆက်စပ်လင့်

အင်းယားလိတ်ဟိုတယ်ကို အဝင်အထွက်ပိတ်ပြီး လူ ၂၀၀ ကျော် Quarantine ထား

COVID 19 လူနာထားရန် ဧရာဝတီတိုင်းရှိ ဆေးရုံ ၂ ရုံ အဆင့်မြှင့်တင်မည်

စက်ရုံ အလုပ်ရုံတွေကို ဘယ်လို ပိတ်မလဲ၊ လစာကို ဘယ်လိုပေးမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading