ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တုတ်၊ ဓား စသည့်လက်နက်များ ကိုင်ဆောင် သွားလာနေသူများကို ဧပြီ ၂ ရက်နေ့က ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ရဲတပ်ဖွဲ့သည် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းများ ယမန်နေ့က လုပ်ဆောင်ရာတွင် လှိုင်သာယာမြို့နယ်၊ သဃ်န်းကျွန်းမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အင်းစိန်မြို့နယ်၊ မှော်ဘီ၊ လှည်းကူး၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များတွင် လက်နက်ကိုင် ဆောင် သွားလာနေသူများကို ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိသည့် လက်နက်များမှာ ဓားရှည်၊ ဓားတို၊ ကိုင်းခုတ်ဓား၊ စကေဘာများ ပါဝင်ကြောင်း သိရသည်။
ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၆ရပ်ကွက်၊ မိုးစန္ဒာလမ်းမပေါ်၌ ဝင်းနိုင်ဦး ဆိုသူထံမှ အရိုးအသွား(၂၅)လက်မခန့်ရှိ ငှက်ကြီးတောင်ဓား ၁ ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မင်းရာဇာလမ်းပေါ်၌ မင်းဆက်ဟန် ဆိုသူထံမှ အရိုအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား ၁ ချောင်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်အတွင်း၌ နန္ဒထွန်း ဆိုသူထံမှ အရိုးအသွား ၃၆ လက်မခန့်ရှိ ကိုင်းခုတ်ဓား ၁ ချောင်း၊ အရိုးအသွား ၂၀ လက်မခန့်ရှိ မှိန်း ၁ ချောင်း၊ နန်းဝင်း ဆိုသူထံမှ အရိုးအသွား(၈)လက်မခန့်ရှိ စကေဘာ ၁ ချောင်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်း။
ထိုသို့ ဖမ်းဆီးရမိမှုများကို သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့် အရေးယူခဲ့ကြောင်း သတင်းရရှိသည်။