COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိကြီးများနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ စစ်သည်များက ကျပ်ငွေ ၂ ဒဿမ ၂၄၅ ဘီလီယံကျော်ကို ဧပြီ ၆ ရက်နေ့က လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ တပ်မတော်သားများသည် ကိုရိုနာ ဗိုင်းရပ်အတွက် လှူဒါန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိကြီးများက လစာ တလစာနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက ၎င်းတို့၏ လစာငွေမှ တရက်လုပ်ခ လစာငွေများကို စုပေါင်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လှူဒါန်းငွေများကို တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား လိုအပ်သည့် နေရာများ၊ ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နေရာကန့်သတ် စောင့်ကြည့်မှုစနစ် ဆောင်ရွက်ချက်များတွင် အသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်အနေဖြင့် COVID-19 နှင့် ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်ရန်အတွက် သီးသန့်စောင့်ကြည့်ရမည့် သူများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် (ကုတင် ၂၀၀၀ ) နှင့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် (ကုတင် ၁၅၀၀၀) ထားရှိနိုင်ရန်အတွက် စီစဉ်၍ စောင့်ကြည့်ထားသူများအား လက်ခံလျက် ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ စောင့်ကြည့်ထားသူ ဧပြီ ၅ ရက်နေ့အထိ ၁၂၄ ဦးလက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ နေပြည်တော်တွင်လည်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် စောင့်ကြည့် လူဦးရေ ၁၆၃ ဦး လက်ခံ ထားပြီး ဖြစ်ကြောင်း သိရသည်။
ထိုသို့ စောင့်ကြည့်ထားသူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများကို နေပြည်တော် တိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ ဆေးကုသရေး အဖွဲ့များနှင့်တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက် ရှိကြောင်းနှင့် အဆိုပါ လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အစိုးဘက်မှ အကူအညီလိုအပ်၍ တောင်းခံလာပါက ပေးနိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အနေဖြင့် ဘာသာရေး အဆောက်အဦများ၊ ဈေးများ၊ လူများသည့် နေရာများကို တပ်မတော်မှ ဆေးဖြန်းသည့်လုပ်ငန်းများ ဆောင်ရွက်နေသည်ကိုလည်းတွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် COVID -19 ကူးစက်ခံရသူ ၂၂ ဦး၊ စောင့်ကြည့်ခံရသူ ၇၀၀ ကျော်နှင့် သေဆုံးသူ ၁ ဦး ရှိ ကြောင်း သိရသည်။
You may also like these stories:
ပလက်ဝတွင် နိုင်ငံခြားပြန် Quarantine ဝင်သူ ၄၅ ဦးအနက် ၁၆ ဦးကျန်ရှိ
နေပြည်တော် စစ်ကြောရေးစခန်းတွင် COVID-19 ကာကွယ်ရန် သီးသန့်စောင့်ကြည့်ထားသူ ၁၀၀ ကျော် ရှိ
Covid-19 သံသယဖြင့် သွားစစ်ဆေးခဲ့သည့် ရာအိမ်မှူးအိမ် တိုက်ခိုက်ခံရ၊ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ