ARSA နှင့် AA တို့ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာများ ရရှိနေဟု တပ်မတော် ပြော
ARSA နှင့် ရက္ခိုင့် တပ်မတော် (AA) တို့သည် စစ်ဘေးရှောင် စခန်းများသို့ ပြည်တွင်း၊ ပြည်ပမှ ထောက်ပံ့သော ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) စာတန်းပါ ထောက်ပံ့ရေး ရိက္ခာပစ္စည်းများကို နည်းလမ်းပေါင်းစုံဖြင့် ရယူသုံးစွဲနေသည်ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ရာမှတဆင့် ARSA နှင့် AA တို့၏ ယာယီ တပ်စခန်းများကို ဖော်ထုတ်ရာ တွင် လက်နက်ခဲယမ်းများနှင့် အတူ WFP တံဆိပ်ပါ ရိက္ခာပစ္စည်းများကိုပါ သိမ်းဆည်းရမိနေခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“မြန်မာနဲ့ ဂမ်ဘီယာအရေးကိစ္စနဲ့ ပတ်သက်လို့ အစီအရင်ခံစာ တင်သွင်းဖို့ အချိန်နီး ကပ်လာ ချိန်မှာ ARSA အဖွဲ့က အဖျက်အမှောင့် လုပ်ငန်းတွေလုပ်ဆောင်လာမယ်လို့ သတင်းရတဲ့အတွက် နယ်မြေလုံခြုံရေး ပိုမို ဂရုစိုက် အသေးစိတ် ဆောင်ရွက်လာတဲ့အခါမှာ အခုလို သိမ်းဆည်းရမိတာ ဖြစ်ပါတယ်”ဟု ပြောသည်။
မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအနီးတွင် ကျည်ဆံအချို့၊ စကားပြောစက်၊ မှန်ပြောင်း၊ ပြောက်ကျားဝတ်စုံတို့ အပြင် WFP စာတမ်းပါ ဆန်အိတ်များ၊ ဆီဗူးများ အပါအဝင် အခြားရိက္ခာများ တဖက်နိုင်ငံမှ ဒုက္ခသည်စခန်းများတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသည့် ကတ်ပြား ၁ ခုနှင့် ဘာသာရေး ကျမ်းစာအုပ် ၁ အုပ်ကို တပ်မတော်က သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ဧပြီလ ၅ ရက်နေ့ကလည်း AA နှင့် တပ်မတော်တို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ် အနောက်မြောက်ဘက်ရှိ AA တပ်ဖွဲ့ဝင်များ အခြေပြုသည့် ယာယီနေရာတခုအား သိမ်းဆည်းရာ ခဲယမ်းများနှင့် WFP တံဆိပ်ပါ ရိက္ခာတချို့ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် ဒေသများတွင် ARSA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် ကာလအတွင်းနှင့် ၎င်းတို့၏ စခန်းတချို့ သိမ်းဆည်းရမိသည့် အခါများတွင်လည်း WFP တံဆိပ်ပါ ရိက္ခာများကို သိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။
၂၀၁၉ ခုနှစ် အတွင်းကလည်း AA အဖွဲ့၏ စခန်းချခဲ့ရာနေရာများဖြစ်သည့် မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် လေးမြို့၏ အရှေ့ဘက်ကမ်းရှိ စခန်းနေရာများ၊ ဘူးသီးတောင်မြို့နယ် ဖုန်းညိုလိပ်ကျေးရွာအနီး တို့တွင်လည်း WFP တံဆိပ်ပါ ရိက္ခာများ သိမ်းဆည်းရမိခဲ့သေးသည်ဟု ဆိုသည်။
ARSA အဖွဲ့ သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်စစ်ဆင်ရာတွင် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂမ်ဂီယာနိုင်ငံက ဂျီနိုဆိုက် (လူမျိုးပြုန်းတီးစေမှု) စွပ်စွဲချက်ကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံက သွားရောက်ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး ICJ က အချက် ၄ ချက်ပါဝင်သော ကြားဖြတ် အမိန့်တခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့ရာ လာမည့် မေလတွင် မြန်မာက အစီရင်ခံစာတခု တင်သွင်းရမည် ဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် AA ကိုလည်း မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မတ်လအတွင်းက အစိုးရကကြေငြာခဲ့ပြီး ဖြစ်သည်။
ယခု WFP တံဆိပ်ပါ စားနပ်ရိက္ခာများ ရရှိနေသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ လည်း AA ဘက်သို့ ဆက်သွယ် မေးမြန်းရန်မှာ ဧရာဝတီအနေဖြင့် ဥပဒေအရ ဆက်သွယ်ရန် အခက်အခဲရှိနေခြင်းကြောင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
You may also like these stories:
“ARSA နဲ့ ISIS ကြား အချိတ်အဆက် မရှိဘူး”