ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့ ရိက္ခာရပ်ကွက်အတွင်း အမျိုးသားတဦး အိမ်ရှေ့၌ မတ်တပ်ရပ်နေစဉ် ကျည် ထိမှန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ ခွဲစိတ် ကုသမှု ခံယူနေရသည်ဟု သတင်း ရရှိသည်။
အဆိုပါ အမျိုးသားသည် အသက် ၄၀ အရွယ် ဦးအောင်ထင်လင်း ဖြစ်ပြီး ရိက္ခာရပ်ကွက်တွင် လက်ဖက်ရည်ဆိုင် ဖွင့် လှစ်ထားသူ ဖြစ်သည်။
ဦးအောင်ထင်လင်း၏ မိသားစုဝင် တဦး က “သူက အိမ်ရှေ့မှာ ရပ်နေတာ။ ဗိုက်ထဲကို တခုခုဝင်သွားသလို ဖြစ်တယ် ဆိုပြီး ကြည့်မှ သေနတ်ကျည်ဆန်ထိတာ သိတာ။ နေ့လယ်၂ နာရီလောက်မှာ ဖြစ်တာပါ။ ဆေးရုံတင်ပြီး Operation လုပ်နေကြပါတယ်။ ၆ နာရီကျော်လောက် ထိတော့ Operation လုပ်နေတုန်းပါပဲ” ဟု ပြောသည်။
ပလက်ဝမြို့အနီး ပတ်ဝန်းကျင်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
ပလက်ဝမြို့ ဒေသခံ အင်္ဂလိကန် အသင်းတော်၊ ကယ်ဆယ်ရေးဌာန တာဝန်ခံမှ ဦးဘုထန်ပိုင် က “ဟိုဘက် ဒီဘက် တောင်ကုန်းတွေကနေ ပလက်ဝဘက်ကို လှမ်းပစ်နေကြတယ်။ အခု မြို့အခြေအနေက ပစ်တာခတ်တာ အသံတော့ တိတ်နေတယ်။ ဒါပေမယ့် စိုးရိမ်နေရတယ်” ဟု ပြောသည်။
ဧပြီ ၇ ရက်ကလည်း ပလက်ဝမြို့စွန် တောစပ်တွင် တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျပြီး မီး လောင်မှုများ ဖြစ်သည်။
ပလက်ဝမြို့ အနီးရှိ ကုလားတန် တံတားစီမံကိန်း၊ မြစ်ကူးတံတားတွင် အလုပ်လုပ်နေသည့် ပန်းရံဆရာတဦးလည်း ဧပြီ ၇ ရက်က ရင်ဘတ်တွင် ကျည်ထိမှန်ပြီး ပလက်ဝမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
ထို့ပြင် ဧပြီ ၇ ရက်တွင် တပ်မတော်၏ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် နန်းချောင်းဝ ကျေးရွာတွင် အရပ် သား ၇ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရကာ အိမ် ၉ လုံး မီးလောင် သွားခဲ့သည်။
ဧပြီ ၉ ရက်တွင် ပလက်ဝမြို့ပေါ်သို့ စိမ်းစင်းရွာ၊ ငပွီရွာ၊ သကျော်ဝရွာ၊ နှမ်းချောင်းထဲရွာ၊ သူဌေးကုန်းရွာ၊ သရက် တောင်ရွာ၊ နှမ်းချောင်းဝရွာ၊ မီးလက်ဝရွာတို့မှ အိမ်ထောင်စု ၂၂၁ စု၊ စုစုပေါင်း လူဦးရေ ၉၁၆ ဦး ထွက်ပြေး တိမ်း ရှောင်လာကြသည် ဟု သိရသည်။
ထို့ကြောင့် လက်ရှိအချိန်ထိ ပလက်ဝမြို့ပေါ်တွင် ရှိသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ စုစုပေါင်းမှာ ၂၉၀၂ ဦး ရှိ သွားပြီဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပလက်ဝ တိုက်ပွဲ အရပ်သား ၇ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ
တိုက်ပွဲကြောင့် ပလက်ဝမြို့နယ် နန်းချောင်းဝ ရွာလုံးကျွတ် ထွက်ပြေး