မြန်မာနိုင်ငံတွင် ကိုဗစ်လူနာများကို ကုသပေးခဲ့သည့် ဆရာဝန်များ အနက် ၁ ဦးတွင် ရောဂါပိုး စတင်ကူးစက်ခံ လိုက်ရကြောင်း ယနေ့ည ၈ နာရီက ထုတ်ပြန်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရောဂါပိုး ကူးစက်ခံရသူ ဆရာဝန်သည် ဧပြီလ ၈ ရက်နေ့က သေဆုံးသွားပြီဖြစ်သည့် ကိုဗစ်လူနာ အမှတ် ၁၇ ကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အနီးကပ် ဆေးကုသမှု ပြုလုပ်ပေးခဲ့သည့် ဆရာဝန်များထဲမှ ၁ ဦး (လူနာအမှတ် ၃၀) ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ပြည်မြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် က ဧရာဝတီသို့ ပြောသည်။
၎င်းသည် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ အသက် ၅၈ နှစ်အရွယ် မေ့ဆေး ဆရာဝန်ကြီး ၁ ဦး ဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကာ ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံကြီးသို့ လွဲပြောင်းကုသရန် စီစဉ်လျက်ရှိသည်။
ဦးသက်ဝင်းလှိုင် က “ကိုဗစ်လူနာ အမှတ် ၁၇ ကို ICU (အထူးကြပ်မတ်ခန်း) မှာ ကုသပေးခဲ့တာက ဆရာဝန် ၁၃ ယောက်လောက်ရှိတယ်။ ဒီနေ့က ပထမအသုတ် အနေနဲ့ ဆေးစစ်ချက် အဖြေထွက်လာခဲ့တဲ့ အထဲမှာ စိတ်မကောင်းစွာနဲ့ ဆရာမကြီးမှာ ရောဂါပိုး တွေ့ရှိခဲ့တာပေါ့ ” ဟု ရှင်းပြသည်။
ပိုးကူးစက်ခံထားရသည့် ဆရာဝန်ကြီးက ၎င်းတွင် ရောဂါပိုးရှိခဲ့ပါက သူကိုယ်တိုင် ပြုမှု နေထိုင်မှု ပြုမည့်အကြောင်းများ၊ ဆေးကုသမှုခံယူရာတွင် အခြားသူများကို ဒုက္ခမရောက်စေလိုကြောင်း အပါအဝင် ၁၄ ရက်အပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါက ၎င်း၏ ချစ်ရသော သူများနှင့် ပြန်လည် တွေ့ဆုံပြီး Covid-19 ရောဂါကို ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ယင်းနောက်၂၀၂၁ ရောက်ချိန်တွင် အလုပ်မှ ထွက်ကာ ခရီးသွားမည့် အစီအစဉ် အပါအဝင် အချက် ၂၅ ချက်ကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ (ဧပြီ ၁၁ရက်) နေ့လည်ပိုင်းက ရေးသားထားသည်။
၎င်းကုသမှု ပေးခဲ့သော Covid-19 လူနာ အမှတ် ၁၇ သည် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်၏ ဒုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ၁ ဦးဖြစ်ပြီး ရန်ကုန်မြို့ရှိ SOS အမည်ရှိ ပုဂ္ဂလိက ဆေးခန်းတွင် သူနာပြုဆရာမ အဖြစ် လုပ်ကိုင်ခဲ့သော Covid-19 လူနာ အမှတ် ၁၅ ၏ အမျိုးသား ဖြစ်သည်။
လူနာအမှတ် ၁၅ မှ တဆင့် ၎င်း၏ အမျိုးသား၊ ၈ နှစ် နှင့် ၁၁ နှစ် အရွယ် သား နှင့် သမီး အပါအဝင် အသက် ၁၈ နှစ်အရွယ် တူမတော်စပ်သူတို့ကို ကိုဗစ်ရောဂါ ကူးစက်ခံရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုးရှိသူ ၃၁ ဦးအထိရှိလာပြီး ၃ ဦး သေဆုံးကာ ၂ ဦးမှာ ပြန်လည် ကောင်းမွန်သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်
ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ
COVID-19 ရဲ့ ရိုက်ခတ်မှုအောက်က ပုဂံဒေသ
COVID-19 ကန့်သတ်စောင့်ကြည့်ခံရသူများနှင့် စောင့်ကြည့်ဝန်ထမ်းများ ခွဲခြားဆက်ဆံခံရ