ယခုအချိန်သည် COVID-19 ကူးစက် ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အတွင်းသို့ မည်သည့် ဧည့်သည်ကိုမျှ ဝင်ရောက်ခွင့် မပြုတော့ဘဲ ယနေ့မှ စ၍ ဧည့်တွေ့ချိန် ပိတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
ရန်ကုန်ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက “ကျနော်တို့ ဆေးရုံက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပါ။ အရင်က ၄ နာရီကနေ ၆ နာရီကို ဧည့်သည်တိုင်းကို ပေးဝင်တယ်ပေါ့။ အခုက ဘယ်သူ့ကိုမှ ပေးမဝင်တော့ဘူး” ဟု ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယခင်က ဧည့်တွေ့ချိန်အား ညနေ ၄ နာရီမှ ၆ နာရီအထိ သတ်မှတ်ပေးထားခြင်း ဖြစ်ပြီး ယခုတွင် လူနာနှင့် လူနာစောင့် ၂ ဦးမှ လွဲ၍ မည်သူ့ကိုမျှ ပေးမဝင်တော့ခြင်း ဖြစ်သည်။
ဆေးရုံများတွင် လူနာစောင့်များနှင့် ဧည့်သည်များ ဝင်ထွက်သွားလာမှုများကို စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနက COVID-19 ရောဂါနှင့် ပတ်သက်ပြီး ဆေးရုံများတွင် ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်ချက်ကို မတ် ၁၈ ရက်က ထုတ်ပြန်ထားပြီးဖြစ်သည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆၂ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၁၃ ရက်အထိ သေဆုံးသူ ၁၁၁,၈၂၈ ဦး ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၁ ဒသမ ၇ သန်းကျော် ရှိပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဆေးရုံ လူဝင်လူထွက်များ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးဌာန ညွှန်ကြား