သတင်းတို

ရခိုင်မြောက်ပိုင်း မောင်တောတွင် ARSA လက်ချက်ဖြင့် ရဲတပ်ဖွဲ့ ဝင် ၂ ဦး ကျဆုံး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အောင်ဇူနယ်မြေရုံးမှ အရေးကြီးရုံးလုပ်ငန်း စာရွက်စာတန်းများကို ခမောင်းဆိပ် နယ်မြေရုံးသို့ သွားရောက်ပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်တချို့ ဧပြီ ၁၅ ရက်နေ့က ARSA အကြမ်းဖက် သောင်းကျန်း သူများ၏ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရ၍ တပ်ဖွဲ့ ဝင် ၂ ဦး ကျဆုံးသွားကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ်ရှိ အောင်ဇူနယ်မြေရုံးမှ အရေးကြီးရုံးလုပ်ငန်း စာရွက်စာတန်းများအား အောင်ဇူ- ခမောင်း ဆိပ်သွားကားလမ်းအတိုင်း ခမောင်းဆိပ် နယ်မြေရုံးသို့ ဆိုင်ကယ် ၂ စီးဖြင့် သွားရောက်ပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ARSA အဖွဲ့ဝင် ၃၀ ဦးခန့်က ခမောင်း ဆိပ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

“မောင်တော မြောက်ဘက်ခြမ်းမှာရှိတဲ့ အောင်ဇူ နယ်မြေ ရဲစခန်းကနေပြီးတော့ အဲဒီက နယ်ခြားစောင့် ရဲတွေပါပဲ။ သူတို့က ခမောင်းဆိပ်ကို ရဲတပ်ဖွဲ့ ဝင် ၄ ယောက် စာသွားပို့တယ်။ ခမောင်းဆိပ်ရွာနားလေးမှာ ARSA ကနေ လက် နက်ငယ်နဲ့ ပစ်တယ်။ ရဲ ၄ ယောက်မှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ကျသွားတယ်။ ၂ ယောက်က ပြန်တွေ့ တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိတွေ့ မှု ရှိသဖြင့် ဖြစ်စဉ် ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကူပေး တိုက်ခိုက် ခဲ့သဖြင့် ARSA တို့သည် အနောက်တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့အတူ ဧပြီလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ်ရှိ ဖားဝပ်ချောင်း- ငန်းချောင်းသွားကားလမ်းအား လမ်းပြုပြင် ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းပိုင် Mitsubishi အမျိုးအစား ဘတ်ဟိုးယာဉ် တစီးအား ငန်းချောင်းကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာ၌ သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က ရှော့တိုက်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

“ဒီဟာကလည်း ARSA လက်ချက်လို့ပဲ ကျနော်တို့ ထင်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းဖောက်ခွဲမှုကြောင့် ဘတ်ဟိုးယာဉ်၏ အပေါ် မှန်တချပ်၊ အနောက်မှန်တချပ် ပျက်စီးခဲ့ပြီး အပြာရောင်နောက်ဖုံး ကာဘာနှင့် အနက်ရောင် အောက်ကာဘာအပြင် အင်ဂျင်စက် ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရှည် ၄ ပေရှိ ဝါယာကြိုးတစ်ချောင်း၊ အရှည် ပေ ၂၀ ခန့်ရှိ နှစ်ပင်လိမ် ဝါယာကြိုး ၁ ချောင်း၊ အားသွင်း ဓာတ်ခဲ (ဘတ္ထရီခြောက်) ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၈ ရက်တွင်လည်း ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာရှိ တောအတွင်းတဲနှစ်လုံးအတွင်းမှ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ လမ်းလျှောက်စကားပြောစက်တလုံး၊ လည်တိုဖိနပ် ၂ ရံ၊ (WFP)တံဆိပ်ပါ ဆန် ၆ အိတ်၊ (WFP)တံဆိပ်ပါဆီ (၁ လီတာဆံ့) ၄၀ ဘူး၊ အာလူး ၁ အိတ်၊ ဆေးမျိုးစုံ ထည့်ထားသည့် အိတ် ၁ အိတ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ မှန်ပြောင်းတစ်လက်၊ ပလပ်စတစ် အိတ် ၅၀ အိတ်(အလျား ၃ ပေ၊ အနံ ၂ ပေ)၊ တစ်ဖက်နိုင်ငံ ဒုက္ခသည် စခန်းများတွင်UNHCRမှထုတ်ပေးထားသည့် ကတ်ပြား ၁ ခု၊ အစ္စလာမ်ကျမ်းစာအုပ်တို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading