နေပြည်တော်ရှိ COVID-19 စောင့်ကြည့်ခံရသူ အများစုထားရှိသည့် စည်ပင်ရိပ်သာအတွင်းက သတ်မှတ်စည်းကမ်းများကို မလိုက်နာဘဲ စည်းကမ်းချိုးဖောက်ခဲ့သူ ပြည်တော်ပြန် ၃ ဦးကို ယနေ့ ဇမ္ဗူသီရိတရားရုံးက ထောင် ၆ လစီချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစည်ပင်ရိပ်သာအတွင်း စောင့်ကြည့်ခံရသူများကို နေထိုင်စားသောက်မှုများ ကူညီပေးနေသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက“ဒီနေ့ ဇမ္ဗူသီရိတရားရုံးကနေပြီးတော့ ဘေး/စီမံ ဥပဒေပုဒ်မ ၃၀ (က) အရ သူတို့ ၃ ယောက်ကို ထောင် ၆ လစီချလိုက်ပါတယ်”ဟု အတည်ပြု ပြောဆိုသည်။
ပြစ်ဒဏ်ချမှတ်ခံရသူများမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ဖြစ်ပြီး စည်းကမ်းချိုးဖောက်မှုများမှာ အမျိုးသားက အမျိုးသမီး နေထိုင်ရာ အဆောင်သို့ သွားရောက်ခြင်း၊ အမျိုးသမီး ၁ ဦးက ၎င်းနေထိုင်သည့် အဆောင်မှတဆင့် အခြား နေထိုင်သူများထံ လျှောက်သွားက ကွမ်းယာ၊ဆေးလိပ်များ လိုက်လံရောင်းချနေခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၃ ကို ဧပြီလ ၁၄ ရက်နေ့က ဇမ္ဗူသီရိမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ပြီး သင်္ကြန်ပိတ်ရက်များအပြီး ယနေ့ တရားရုံးများ ပြန်ဖွင့်သည့်ရက်တွင် အထက်ပါအတိုင်း အမိန့်ချခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် သဘာ၀ ဘေးန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)အရ ပြစ်မှုထင်ရှားပါက ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံရှိနယ်မြို့ တချို့တွင်လည်း ကျန်းမာရေးဝန်ထမ်းများကို နှောက်ယှက်သူ၊ ခြိမ်းခြောက်ပြောဆိုသူ၊ စည်းကမ်း ချိုးဖောက်သူများကို အရေးယူ၍ ယခုရက်ပိုင်းအတွင်း တရားရုံးတင်ကာ ပြစ်ဒဏ်စီရင်မှုများလည်း ရှိနေသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ပြည်တော်ပြန်များ၊ နယ်စပ်ဒေသမြို့များမှ ပြန်လာသူများကို COVID-19 စောင့်ကြည့် ရမည်သူများအဖြစ်သတ်မှတ်ကာ စည်ပင်ရိပ်သာ၊ ရွာတော်တည်ခိုရေးစခန်း သက်ဆိုင်ရာ သတ်မှတ်ဆေးရုံများ တွင် စောင့်ကြည့်ခံ ၁၀၀၀ ကျော်ကို ထားရှိစောင့်ကြည့်လျက်ရှိသည်။
ယနေ့တွင် နေပြည်တော်သို့ ပြန်လာကြသည့် အစိုးရဝန်ထမ်းများနှင့်၊ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့သည့် ဒေသနှင့်မြို့များမှ ပြန်လာသူများကိုလည်း မဖြစ်မနေ ၂၁ ရက်စောင့်ကြည့်ရမည်သူဟု သတ်မှတ်ပြီး မြို့အဝင်ဂိတ်မှာပင် သက်ဆိုက်ရာအဖွဲ့များ၏ အစီအစဉ်ဖြင့် သတ်မှတ်စောင့်ကြည့်ရေးစခန်းသို့ လိုက်လံပို့ဆောင်နေကြသည်။
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၁၁ ဦး၊ သေဆုံး ၅ ဦးနှင့်စောင့်ကြည့်လူနာ ၂၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
နေပြည်တော်သို့ ပြန်ဝင်သည့် အစိုးရ ဝန်ထမ်းတိုင်း Quarantine ဝင်ရပြီ
ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အပြာရောင် လှုပ်ရှားမှု လုပ်မည်