COVID -19 အတည်ပြုလူနာ အမှတ် ၁၂၁ နှင့်အနီးကပ်ထိတွေခဲ့သည် သွားဆရာဝန်နှင့် အတူတကွ တာဝန် ထမ်းဆောင်နေသူ သွားဆရာဝန် ၇ ဦးကို နေပြည်တော် စည်ပင်ရိပ်သာတွင် သီးခြားစောင့်ကြည့်လျက်ရှိကြောင်း သတင်းရရှိသည်။
ပိုးတွေ့လူနာနှင့် ထိတွေ့ ခဲ့သော သွားဆရာဝန်ကို ထပ်မံထိတွေ့ခဲ့သည့် Secondary Contact ဟုခေါ်သော ၎င်းတို့တို့ Facilities Quarantine အဖြစ် နေပြည်တော်စည်ပင်ရိပ်သာတွင် ဧပြီလ ၂၂ ရက်နေ့မှစတင်ကာ သီးခြား အဆောင် ထားရှိ၍ စောင့်ကြည့်နေခြင်းဖြစ်ကြောင်း နေပြည်တော် ကုသရေး ဦးစီးဌာနမှ သိရသည်။
နေပြည်တော် ကုသရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်က“သူတို့ ကျန်းမာရေး အခြေအနေ အကုန်ကောင်းပါတယ်။ အဖျားတက်တာမျိုးတွေ ချောင်းဆိုးတာမျိုးတွေ သံသယ လက္ခဏာမျိုးတွေလည်း ဘာမှမတွေ့ပါဘူး။ ပုံမှန်အတိုင်း သူတို့စားနိုင်သောက်နိုင်ပါတယ်။ အဆင်ပြေပါတယ်”ဟု ပြောသည်။
COVID -19 အတည်ပြုလူနာ အမှတ် ၁၂၁နှင့် ထိတွေ့ခဲ့သူ သွားဆရာဝန်ကိုမူ နေပြည်တော် ခုတင် ၃၀၀ ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဓာတ်ခွဲစစ်ဆေးသည့်အဖြေကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
COVID -19 အတည်ပြုလူနာ အမှတ် ၁၂၁မှာ ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့နယ်မှဖြစ်ပြီး တောင်ကြီးမြို့ စပ်စံ ထွန်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်သည်။
ယခုဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသော သွားဆရာဝန်သည် တောင်ကြီးမြို့သို့ ရောက်ရှိစဉ် လူ ၁၂၁ ဓာတ်ခွဲ အဖြေ မထွက်စဉ်က ၎င်းကိုထိတွေ့ဆေးကုသမှု ပြုလုပ်ပေးခဲ့သည့် ရာဇဝင်ရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်စည်ပင်ရိပ်သာကို စောင့်ကြည့်ရေးစင်တာအဖြစ် မတ်လ ၂၇ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနှင့် နယ်စပ် ဒေသများမှ ပြန်လာသူ ၆၂၀ ကျော်ကိုစောင့်ကြည့်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် သတ်မှတ်ရက်ပြည့်ပြီးသူများကို အိမ်ပြန်ခွင့်ပေးခဲ့ရာ လက်ရှိတွင် ပြန်တော်ပြန် ၁၂၀ ဦးကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။
သင်္ကြန်ပြီးကာလ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာသော အစိုးရဝန်ထမ်းများကို Community Base Facilities Quarantine ယခုစည်ပင်ရိပ်သာတွင်ပင် ဧပြီလ ၁၉ ရက်မှစတင်ထားရှိခဲ့ရာ လက်ရှိတွင် ဝန်ထမ်းဦးရေ ၄၃၀ ခန့်ကို စောင့် ကြည့်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း ပြုလုပ်နေကြောင်း စည်ပင်ရိပ်သာရှိ စောင့်ကြည့်နေသူများကို ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ယူဆောင်ရွက်ပေးနေသည့် ဒေါက်တာဝင်းမာလာကြင်က ပြောသည်။
ဒေါက်တာဝင်းမာလာကြင်က“Quarantine ဆိုတာကတော့ သိတဲ့အတိုင်းပဲ အထဲမှာ သီးသန့်နေခိုင်းတယ်။ အစား အသောက်ပို့ဆောင်တဲ့ ကိစ္စကိုလည်း သက်ဆိုင်ရာ ဦးစီးဌာနတွေကနေမှ ပို့ဖို့ စီစဉ်ဆောင်ရွက်စေပါတယ်။ သူတို့ရဲ့ မရှိမဖြစ်လိုအပ်တဲ့ တကိုယ်ရေသုံးပစ္စည်းကလွဲလို့ ကျန်တဲ့ ပစ္စည်းပစ္စယတွေ အများကြီးသုံးခွင့်မပြုဘူး”ဟုပြောသည်။
စည်ပင်ရိပ်သာတွင် ထားရှိစောင့်ကြည့်သောအစိုးရဝန်ထမ်းများမှာ နေ့စားအဆင့်မှ ညွှန်ကြားရေးမှူးအဆင့်ထိ ထားရှိခြင်းဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်များကိုမှု စည်ပင်ရိပ်သာတွင်မထားဘဲ Hotel Quarantine အဖြစ်ထားရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂၃ ရက်နေ့ မနက် ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၁၂၇ ဦး၊ သေဆုံး ၉ ဦး၊ ပြန်လည် သက်သာသူ ၉ ဦးနှင့် စောင့်ကြည့်လူနာ ၂၃၃၃ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ကာပေါ်ရှိ နိုင်ငံအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၆ သိန်းကျော်၊ သေဆုံးသူ ၁ သိန်း ၈ သောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
COVID-19 ပိုးတွေ့လူနာကို ကုသပေးခဲ့သည့် ဆရာဝန် ၁ ဦး ပိုးကူးစက်ခံရ
COVID – 19 အရေး လုပ်နိုင်တာ မှန်သမျှ ဆောင်ရွက်ပေးမည်ဟု တပ်ချုပ် ပြော