နေပြည်တော်မှ ရန်ကုန် အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့သည့် စောင့်ကြည့်လူနာ ၅၃ ဦးလုံးတွင် COVID -19 ဗိုင်းရပ်စ်ပိုး Negative အဖြေထွက်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏဝစိုးက ဧရာဝတီသို့ ပြောသည်။
COVID -19 စတင်ဖြစ်ပွားစဉ်ကာလကတည်းက လက်ရှိအချိန်ထိ နေပြည်တော်ကောင်စီနယ်မြေတွင် စောင့်ကြည့်လူနာ ၅၃ ဦး (သံသယ ရှိသူ) ရှိခဲ့ပြီး ၎င်းတို့၏ တို့ဖတ် နမူနာများကို ဧပြီလ ၂၂ ရက်နေ့က ပေးပို့စစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ယနေ့ မနက်ပိုင်း ထုတ်ပြန်ချက်တွင် ပိုးမတွေ့ဟု ပါရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာမြတ်ဝဏ္ဏစိုးက“အခုကတော့ အဲဒီ ၅၃ ယောက်လုံးကတော့ Negative ပါ”ဟု ပြောသည်။
သို့သော် COVID-19 အတည်ပြုလူနာ အမှတ် ၁၂၁ နှင့်ထိတွေ့ခဲ့သူ နေပြည်တော်မှ သွားဆရာဝန်တဦးကိုမူ ဥတ္တရသီရိ ကုတင် – ၃၀၀ ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ၎င်း၏ ဓာတ်ခွဲအဖြေမှာ စောင့်ဆိုင်းဆဲ အခြေအနေတွင် ရှိသည်။
အဆိုပါ သွားဆရာဝန်သည် တောင်ကြီးမြို့သို့ သွားရောက်စဉ် လူနာအမှတ် ၁၂၁ ဓာတ်ခွဲ အဖြေမထွက်ခင်က ၎င်းကို ထိတွေ့ကုသမှု ပြုလုပ်ပေးခဲ့သည့် ရာဇဝင်ရှိသောကြောင့် ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းဖြစ်ပြီး လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။
သွားဆရာဝန်နှင့် ထပ်မံထိတွေ့ ခဲ့သည့် Secondary Contact ဟုခေါ်သော ၎င်းနှင့်အတူတာဝန်ထမ်းဆောင်နေသည့် အခြား သွားဆရာဝန် ၇ ဦးကိုလည်း နေပြည်တော် စည်ပင်ရိပ်သာတွင် Facilities Quarantine အဖြစ် သီးခြား ထား စောင့်ကြည့်နေသည်။
နေပြည်တော်ကော်စီနယ်မြေတွင် ပြည်ပနှင့်နယ်စပ်ဒေသမှပြန်လာသူများကို စည်ပင်ရိပ်သာ၊ ရွာတော်တည်းခိုရေးစခန်းနှင့် အခြားသတ်မှတ်နေရာများတွင် ထားရှိစောင့်ကြည့်နေရာ သတ်မှတ်ရက်ပြည့်သောကြောင့် အိမ်ပြန်ခွင့်ရသူများလည်းရှိပြီး လက်ရှိတွင် စောင့်ကြည့်နေရသူ ပြည်သူ ၆၀၀ နီးပါးခန့် ကျန်ရှိနေသေးကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။
သင်္ကြန်ကာလအပြီး နေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာသော အစိုးရဝန်ထမ်းများကို Community Base Facilities Quarantine အဖြစ်စည်ပင်ရိပ်သာတွင်ပင် ဧပြီလ ၁၉ ရက်မှစတင်ထားရှိခဲ့ရာ လက်ရှိတွင် ဝန်ထမ်းဦးရေ ၄၀၀ကျော် ကို စောင့်ကြည့်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း ပြုလုပ်နေသည်။
နေပြည်တော်ရှိ တောင်ညိုအဝင်ဂိတ်၊ စီ C လမ်းဆုံ၊ တပ်ကုန်းအဝင် စသဖြင့် နေပြည်တော်သို့ ဝင်ထွက်ပေါက်များ အား လုံးနှင့် မီးရထားဘူတာစသည့် နေရာများတွင် နေပြည်တော်သို့ ဝင်ရောက်လာသူ မည်သူကိုမဆို ကျန်းမာရေး စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးရာတွင် အစိုးရဝန်ထမ်းများအပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် COVID-19 ဗိုင်းရပ်စ်ပိုးတွေ့ရှိရာ ဒေသမှလာသူများမှာ နေပြည်တော်သို့ဝင်ရောက်မည်ဆိုပါက ၂၁ ရက် စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀ နာရီအထိ COVID-19 အတည်ပြုလူနာ ၁၃၉ ဦး၊ သေဆုံး ၅ ဦး၊ ပြန်လည်သက်သာသူ ၉ ဦးနှင့် စောင့်ကြည့်လူနာ ၂၄၄၀ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ပြန့်နှံ့ခဲ့သော COVID – 19 onf ကမ္ကာပေါ်ရှိ နိုင်ငံအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့နေပြီး လက်ရှိ အချိန်ထိ ကူးစက်ခံရသူ ၂၆ သိန်းကျော်၊ သေဆုံးသူ ၁ သိန်း ၈ သောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဆေးပစ္စည်းကိရိယာတွေ အဓိကလိုအပ်နေလို့ တတ်နိုင်သလောက် ကူညီဖို့ ပြောလိုပါတယ်
လာမည့် ထီဖွင့်ရက် နောက်ဆုတ်ပေးရန် ထီလုပ်ငန်းရှင်များ တောင်းဆို
Covid-19 ကြောင့် ကုန်ဈေးနှုန်း ရိုက်ခတ်မှုမရှိစေရန် အစိုးရက အရန်ဆန်နှင့် ဆီ ဝယ်ထားမည်