နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာ ဆွစ်ဇာလန် နိုင်ငံသူမှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ (Negative) ဖြစ်သောကြောင့် ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဟိုတယ်တွင် စောင့်ကြည့်နေရာ ယခုတတိယအကြိမ် စစ်ဆေးမှု ထပ် မံ ပြုလုပ်ပြီးပါက အိမ်ပြန်ခွင့်ရတော့မည် ဖြစ်ကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဦးစီး ဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောသည်။
၎င်းသည် ဆေးရုံဆင်းခွင့်ရခဲ့ပြီး Hotel Quarantine အဖြစ် စောင့်ကြည့်နေခဲ့ရာ ယနေ့ ဆိုလျင် ၂၁ ရက်ပြည့်ပြီ ဖြစ်သောကြောင့် တို့ဖတ်နမူနာ တတိယအကြိမ် ထပ်မံရယူကာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ဆို တတိယအကြိမ်မြောက် Swab ထပ်ယူပါတယ်။ Quarantine ၂၁ ရက်ပြည့်ပါပြီ။ ဟိုတယ်မှာ ထားပါတယ်။ သူ့ Result ရပြီးရင် ကျနော်တို့က သူ့ကို ဆင်းပေးတော့မှာပေါ့နော်။ သူ့ဟာသူ လွပ်လွပ်လပ်လပ် နေလို့ရပါပြီ” ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
၎င်း၏ တတိယအကြိမ် စစ်ဆေးမှု ရလဒ်မှာ ယခုရက်ပိုင်းအတွင်း အဖြေထွက်လာမည်ဖြစ်ပြီး ရလဒ်တွင် ပိုးမတွေ့ အဖြေ ထပ်ထွက်ပါက လာမည့် မေလ ၁ ရက်နေ့တွင် အိမ်ပြန်ခွင့်ပြုတော့မည် ဖြစ်သည်။
သို့သော် ထိုသို့နေရပ်ပြန်ရာတွင်လည်း Home Quarantine ၇ ရက် ထပ်နေရန် မှာကြားလိုက်မည်ဖြစ်ပြီး ၎င်းသည် ကျန်း မာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သူတဦး ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူမှာ လူနာ အမှတ် ၇ ဖြစ်ပြီး နေပြည်တော်သို့ လာရောက်၍ ကုလသမဂ္ဂ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ တဦးလည်း ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေတခုလုံးတွင် ယခုပိုးတွေ့ လူနာတဦးမှလွဲ၍ အခြားစောင့်ကြည့်လူနာ အများစု၏ ဆေး စစ်ချက်အဖြေမှာလည်း Negative ဖြစ်ပြီး စုစုပေါင်းစောင့်ကြည့်လူနာ ၅၄ ဦးရှိရာ ပိုးမတွေ့ ဘဲ သတ်မှတ်ရက်ပြည့်၍ အိမ်ပြန်ခွင့်ရသူများလည်းရှိခဲ့ပြီး လက်ရှိဆေးရုံတွင် စောင့်ကြည့်လူနာ ၄ ဦးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် သင်္ကြန်အပြီးကာလ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာသော ဝန်ထမ်း အများအပြား အပါအဝင် ပြည်ပနှင့် ရောဂါပိုးတွေ့ ရှိရာ ဒေသများလာရောက်ကြသူများကို စည်ပင်ဧည့်ရိပ်သာ၊ တပ်မတော် ရွာတော် တည်းခိုရေး စခန်းနှင့် သက်ဆိုင်ရာမြို့နယ်များအလိုက် ဆေးရုံများတွင် Quarantine ၂၁ ရက်အဖြစ် ထားရှိစောင့်ကြည့်နေသူ ဦးရေ ၁၂၀၀ ခန့် ရှိကြောင်း သိရသည်။
နေပြည်တော်ရှိ တောင်ညိုအဝင်ဂိတ်၊ စီ C လမ်းဆုံ၊ တပ်ကုန်းအဝင် စသဖြင့် မြို့ဝင်ပေါက်ထွက်ပေါက်များအားလုံးနှင့် မီးရထားဘူတာ စသည့်နေရာများတွင် နေပြည်တော်သို့ ဝင်ရောက်လာသူ မည်သူကိုမဆို ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ်ပေးနေကြောင်းသိရသည်။
ထိုသို့ဝင်ရောက်လာသူများကို ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ရာတွင် အစိုးရဝန်ထမ်းအပါအဝင်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ရောဂါပိုးတွေ့ရှိရာ ဒေသများမှ လာသူများ နေပြည်တော်သို့ ဝင်ရောက်မည်ဆိုပါက Quarantine ၂၁ စောင့်ကြည့်ခံရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီအထိ COVID-19 အတည်ပြုလူနာ ၁၄၆ ဦး၊ သေဆုံး ၅ ဦး နှင့် ပြန် လည်သက်သာလာသူ ၁၆ ဦးရှိပြီး စောင့်ကြည့်လူနာ ၂၈၅၀ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သော COVID-19 ရောဂါပိုးသည် ကမ္ကာပေါ်ရှိ နိုင်ငံအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၉ သိန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။
You may also like these stories:
E-Visa နှင့် သံရုံး ဗီဇာတို့ဖြင့် လာမည့် တရုတ်ခရီးသွားများ ကျန်းမာရေးအာခံချက် လိုအပ်
ရန်ကုန်၊ နေပြည်တော်နှင့် ကသာတွင် Quarantine ဝင်နေရသူများ ရက်ပြည့်၍ နေရပ်ပြန်
COVID-19 အတွက် စေတနာ့ဝန်ထမ်းအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်