ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ လူနာနံပါတ် ၁ နှင့် ထိတွေ့ ဆက်စပ်ခဲ့သူ ၄၂ ဦးအား ရန်ကုန် ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးရာတွင် ၂၄ ဦး၏ အဖြေမှာ Negative ဖြစ်ကြောင်း စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီး ဦးမိုးကျော်သူက ဧရာဝတီသို့ ပြောကြားသည်။
အဆိုပါ ၄၂ ဦးကို ဓာတ်ခွဲ စစ်ဆေးရန် ဧပြီလ ၂၄ ရက်နေ့က ပေးပို့ထားခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်နေ့တွင် ၂၄ ဦး၏ အဖြေကို ဦးစွာ သိရခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမိုးကျော်သူ က “ဟုတ်တယ်။ ၂၄ ယောက်လုံး Negative ပဲ။ နောက်ထပ်စစ်ဖို့ကတော့ ကျန်သေးတယ်။ နောက်ဆုံး update ကတော့ မသိသေးဘူး။ အခု ၄၂ ဦးစစ်ဖို့ပို့ထားတာက ၂၄ ဦးပဲ အဖြေထွက်သေးတာပါ” ဟု ပြောသည်။
Case 1 လူနာအား ထပ်မံစစ်ဆေးထားသည့် ရလာဒ်မှာလည်း ဧပြီ ၂၉ ရက်နေ့တွင် သိရမည်ဖြစ်ကြောင်း၊ ကျန် ၁၈ ဦး အဖြေများလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယနေ့ ဧပြီလ ၂၈ ရက် အထိ ဓာတ်ခွဲ အတည်ပြု COVID-19 ပိုးတွေ့လူနာ ၁၄၆ ဦးရှိသည့် အနက် ၅ ဦး သေဆုံးကာ ၁၆ ဦး မှာ ပိုးကင်းစင်ကာ ပြန်လည်ကျန်းမာလာခဲ့ကြောင်း သိရသည်။
ဆက်စပ်လင့်-
COVID-19 ကြောင့် ရှမ်းမြောက် ပလောင် ၈ ရွာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ
တီးတိန် Case 1 လူနာ ဆေးစစ်ရလာဒ် ပထမအကြိမ် Negative တွေ့ရှိ