ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ဈေးဝယ်ပြန်လာသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး အနက် ၁ ဦးမှာ ရခိုင့်တပ်မတော်(AA) အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကြောင်း တပ်မတော် ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြောက်ဦးမြို့ နယ်မြေခံရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၂ ဦး တို့သည် မြောက်ဦးမြို့တွင်း ဈေးဝယ်ပြီး ပြန်လည်ထွက်ခွာလာစဉ် ရတနာ့မာန်အောင်ဘုရားလမ်း၊ သီဟိုဠ်ခြံအနီးတွင် အရပ်ဝတ်ဖြင့် AA အဖွဲ့ ၈ ဦးက တုတ်၊ ဓါးများဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“၃ ယောက်လုံးကို AA အဖွဲ့က ၈ ယောက်လောက်က ဝိုင်းပြီးတော့ ဖမ်းတာ။ ဝိုင်းဖမ်းတယ် ဆိုတာက တုတ်၊ ဓါးလက်နက်တွေနဲ့ ဝိုင်းဖမ်းတာ။ တခြားလက်နက်တွေလည်း ပါပါလိမ့်မယ်။ ၂ ယောက်ကတော့ တပ်ကို ပြန်ရောက်လာတယ်။ တယောက်က အဖမ်းခံလိုက်ရတယ်”ဟု ပြောသည်။
AA တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းများ၊ ရဲကင်းစခန်းများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ အသွင်၊ အရပ် သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သည့် လုပ်ရပ်များ မကြာခဏ လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ယခု ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ရဲတပ်သားကို ပြန်လည် ကယ်တင်နိုင်ရေးတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်နေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းတွင် တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များ၏ လစာငွေ သိန်း ၄၀ ကျော်မှာ လက်နက်ကိုင် အဖွဲ့တခု၏ လုယူခြင်းကို ခံခဲ့ရသေး သည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းမှ တပ်ကြပ်ကြီးမောင်လှဆိုသူမှာလည်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၂ ရက် နေ့ ပြည်တော်သာ ရပ်ကွက်နေအိမ်မှ ဆိုင်ကယ်ဖြင့် စခန်းသို့လာစဉ် အမည်မသိလူတချို့မှ ဓားဖြင့် ထိုးခံ ရ၍ သေဆုံးခဲ့ရသည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် အပေါက်၀ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မျိုးကိုကိုမှာ စခန်းမှ စစ်တွေသို့အသွား လမ်းခရီးတွင် အမည်မသိ လူတစုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ ရဖူးသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် စစ်တွေ-ဘူးသီးတောင် ပြေးဆွဲသော ရွှေနဒီ အမြန်ရေယာဉ်ကို ရသေ့တောင်အလွန်တွင် AA အဖွဲ့က ဟန့်တားကာ ရဲတပ်ဖွဲ့ဝင် ၂၉ဦး၊ တပ်မတော်သား ၁၄ ဦး၊ အကျဉ်းဦးစီးဌာနမှ ၂ ဦး စုစုပေါင်း ၄၅ ဦးကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။
အစိုးရက AA အဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး ယခုသတင်းနှင့် ပတ်သက်၍ AA ဘက်သို့မေးမြန်းဆက်သွယ်မေးမြန်းရန် အခက်အခဲရှိခြင်းကြောင့် ဧရာဝတီအနေဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ဖြစ်ပွားသည့် တိုက်ပွဲများကာလအတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပါအ ဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူ ၁ သိန်းကျော်ရှိပြီ ဖြစ်သည်။