သတင်းတို

COVID-19 ကာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်တွေ့ ဆုံသူ လျှော့ချထား

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို COVID -19 ရောဂါပိုး မကူးစက်နိုင်ရေးအတွက် ၎င်းနှင့် ပုံမှန် တွေ့ဆုံနေကြ လူဦးရေကို လျှော့ချကန့်သတ်လိုက်ပြီး ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ထားကြောင်း သိရသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်တွေ့ဆုံသူများကိုလည်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ထားပြီး ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဦးဇော်ဌေးက“လူဦးရေလည်း တော်တော်များများ လျှော့လိုက်တယ်။ ဝင်ထွက်သွားလာမှုတွေလည်း ကန့်သတ်လိုက်တယ်။ ကျန်းမာရေးကတော့ အတော်လေး ဂရုစိုက်ပြီးတော့ လုပ်ပါတယ်။ ဒီဟာမျိုး ကူးစက်မှုတွေ လူကြီးတွေနား မရောက် လာအောင် ကျနော်တို့ လုပ်ထားတယ်”ဟု ပြောသည်။

လက်ရှိ လုပ်ငန်းလုပ်ဆောင်နေမှုအရ ပုံမှန်တွေ့ဆုံနေရသူများကိုလည်း COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုများ ပြု လုပ်ထားကာ အားလုံးမှာ Negative အဖြေထွက်ထားသူများ ဖြစ်ကြောင်းနှင့် လူအကွာအဝေး (Physical distance) ကိုလည်း အထူးအလေးထား ဆောင်ရွက်နေကြောင်း သိရသည်။

လူဦးရေလျှော့ချမှုတွင် ပုံမှန်ယာဉ်မောင်းသူများကိုလည်း လျှော့ချထားပြီး နိုင်ငံတော်အတိုင်ပင်ခံ၏ ကားကို ၎င်း၏ ကိုယ်ရေးအရာရှိ ကိုယ်တိုင် မောင်းနှင်ပေးနေပြီး ထိုသူမှာလည်း COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးထားရာ ပိုးမတွေ့ အဖြေ ထွက်ထားသူဖြစ်သည်ဟု ဦးဇော်ဌေးက ပြောသည်။

ထို့ပြင် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း အတိအကျ လုပ်ဆောင်နေပြီး အပူချိန် တိုင်း တာခြင်း လုပ်ဆောင်ရာတွင် ၃၈ ဒီဂရီခန့် အပူချိန်တွေ့ရှိသူများကိုပင် အဝင်မခံဘဲ ကျန်းမာရေး စစ်ဆေးခြင်း၊ ရေဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

“ဧည့်သည်တွေ့တဲ့အပိုင်းတွေ COVID-19 ကာလမှာ မရှိသလောက် ဖြစ်သွားပြီ။ အလုပ်ကိစ္စအရ လုပ်ကိုင် ဆောင်ရွက်ရ တဲ့ အပေါ်မှာလည်း ပုံမှန်တွေ့နေကျ လူနည်းစုပဲ ရှိတယ်။ ကျန်တာမရှိပါဘူး”ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး ၎င်း၏ လူ မှုကွန်ရက် အင်တာနက် စာမျက်နှာမှတဆင့် COVID-19 ရောဂါအရေး ဆောင်ရွက်နေသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်များကို ပုံမှန် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မေလ ၁ ရက်နေ့ မနက် ၇ နာရီအထီ COVID-19 အတည်ပြုလူနာ ၁၅၁ ဦး၊ သေဆုံး ၆ ဦး၊ ပြန်လည် သက်သာလာသူ ၂၈ ဦးနှင့် စောင့်ကြည့်လူနာ ၃၀၇၈ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ပြန့်နှံ့ခဲ့သော COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့နေပြီး လက်ရှိတွင် ကမာ္ဘနှင့်အဝှမ်း ရောဂါကူးစက်ခံရသူ ၃ သန်း ၂ သိန်း ကျော်၊ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော် ရှိပြီဖြစ်ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading