ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျက်ရှိ သည့် လေဖိအားနည်းရပ်ဝန်း အခြေအနေမှာ အားပျော့သွားပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရန် မသေချာတော့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
“သူက သိသိသာသာ အားမကောင်းဘဲနဲ့ နဂို မူလရှိတဲ့ နေရာမှာပဲ လေဖိအားနည်း ရပ်ဝန်း အနေနဲ့ ဆက်ရှိနေတဲ့ အနေ အထားမျိုး ရှိတယ်။ လောလောဆယ်မှာတော့ မသေချာသေးတဲ့ အနေအထားပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မေလ ၄ ရက်နေ့ (ယနေ့) အထိ လေဖိအားနည်းရပ်ဝန်းအခြေအနေသာရှိပြီး ပြောင်းလဲခြင်း မရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း အခြေအနေမှာ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ၊ အားပျော့ ပျက်ပြယ်နိုင်ခြေပါရှိနေပြီး မေလ ၈ ရက်နေ့မှသာ သိရှိနိုင်မည့် အခြေအနေရှိနေကြောင်း ဦးကျော်မိုးဦးက ဆိုသည်။
မုန်တိုင်းခန့်မှန်းခြေနှင့် ပတ်သက်ပြီး ၎င်းက “သချာၤပုံစံပြု မော်ဒယ်တွေရဲ့ တွက်ထုတ်ချက်မှာတော့ တချို့ကတော့ အားပျော့ ပြီးတော့ ပျက်ပြယ်သွားတဲ့ အနေအထားကို ပြတယ်။ တချို့ကတော့ ၈ ရက်နေ့လောက်မှာ အားကောင်းလာတဲ့ အနေအထားမျိုးပြပြီး အိန္ဒိယဘက်ကို ဦးတည်ပြီးတော့
အရှေ့မြောက်ဘက်ကို ပြန်ကွေ့တဲ့ အနေအထားကို ပြနေတယ်။ ကြားထဲမှာလည်း အားပျော့ပြီး ပျက်ရင်လည်း ပျက်သွားနိုင်တယ်” ဟု ပြောသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းမှ တဆင့် ပြောင်းလဲ ဖြစ်ပေါ်လာမည့် မုန်တိုင်းသည် ဧရာဝတီတိုင်းဒေသကြီးသို့ မေလဆန်း တွင် ဖြတ်ကျော် ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း မိုး/ဇလမှ မူလက ခန့်မှန်းထားခြင်းဖြစ်သည်။
ဆက်စပ်သတင်း-
မေလဆန်း၌ မုန်တိုင်းငယ်ဖြစ်ပေါ်ရန်ရှိ၊ ဧရာဝတီတိုင်းသို့ ဦးတည်နိုင်ဟု မိုး/ဇလ ခန့်မှန်း