မြန်မာနိုင်ငံမှ အခြေခံ စားသောက်ကုန် ၁၀ မျိုး ဝယ်ယူရန်အတွက် သီရိလင်္ကာနိုင်ငံ အစိုးရက သံရုံးမှတဆင့် မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနသို့ ကမ်းလှမ်းလာကြောင်း ယင်းဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦး က ဧရာဝတီသို့ ပြောသည်။
ကမ်းလှမ်းလာသော စားသောက်ကုန်များမှာ ပဲတီစိမ်း၊ ငါးသေတ္တာ၊ ငါးပြား (Sprat)၊ ပဲနီလေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးခြောက်၊ ကုလားပဲနှင့် ပဲလွန်းတို့ကို ဝယ်ယူ လိုကြောင်း သီရိလင်္ကာ သံရုံးမှ ဆက်သွယ်လာခြင်း ဖြစ်ပြီး တင်ပို့နိုင်သည့် မြန်မာ ကုမ္ပဏီများ၏ စာရင်းကို ယခု တပတ်အတွင်း ပေးပို့ရမည် ဖြစ်ကြောင်းလည်း သိရသည်။
“လောလောဆယ်တော့ ပမာဏတွေ ဘာတွေ တိတိကျကျ မပြောသေးဘူး။ ကျနော်တို့ဘက်က ရောင်းနိုင်မယ့် ကုမ္ပဏီကို သူတို့ကိုပေးလိုက်ရင် ရပြီ။ ပြီးမှ ပုဂ္ဂလိက လုပ်ငန်းရှင်အချင်းချင်း အရည်အသွေးသတ်မှတ်ချက်တွေ ဘာတွေညိုကြမယ် ပေါ့။ တင်ပို့ချင်တယ် ဆိုပြီး ကုမ္ပဏီ ၆ ခုလောက်က စာရင်းပေးထားတယ်။ တရက်နှစ်ရက်နေရင် ဟိုဘက် အစိုးရကို အကြောင်း ပြန်မယ်”ဟု ဒေါက်တာ သက်လွင်ဦးက ပြောသည်။
ယခင် သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံက တင်ပို့မှု ပဲ ၁ မျိုးသာရှိခဲ့ပြီး ယခုကဲ့သို့ အခြေခံ စားသောက်ကုန် (မီးဖိုချောင်သုံး) ကုန် ပစ္စည်းများ တင်ပို့ရန် ကမ်းလှမ်းခံရခြင်းမှာ ပထမဆုံး ဖြစ်ကြောင်း သိရသည်။
ဒေါက်တာသက်လွင်ဦးက “အခု သီရိလင်္ကာအပြင် တရုတ်ကလည်း ပဲဝယ်ချင်တာမျိုး ကမ်းလှမ်း တာရှိတယ်။ အခုက COVID-19 ကာလဆိုတော့ နည်းနည်းတော့ ချိန်နေရတာလေးတွေ ရှိတယ်။ သူတို့နိုင်ငံရဲ့ လိုအပ်ချက်အရ ဝယ်ချင်တာ” ဟု ပြောပြသည်။
အဆိုပါ ဝယ်ယူရန် ကမ်းလှမ်းသော စားသောက်ကုန်များမှာလည်း မြန်မာနိုင်ငံ၌ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေး အတွက် အရေးကြီးသော ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန် ပစ္စည်းများ မဟုတ်၍ ရောင်းချနိုင်မည့် အခြေအနေ ရှိနေသည် ဟုလည်း ၎င်းက ပြောဆိုသည်။
ထို့ကြောင့် စိတ်ပါဝင်စားသော ကုန်သည်၊ လုပ်ငန်းရှင်များ အနေဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်မည့် ကုမ္ပဏီ၏ အသေး စိတ် အချက်အလက်များကို မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန [email protected] သို့ ပေးပို့ နိုင် ကြောင်း သိရသည်။
တကမ္ဘာလုံးတွင် COVID-19 ရောဂါ ကူးစက်နေခြင်းကြောင့် စားသောက်ကုန် လိုအပ်ချက် မြင့်မားလာနိုင်ခြေ ရှိနေသည်။
You may also like these stories:
Covid-19 ကာလ နိုင်ငံ့စီးပွားကုစားရေး အစီအစဉ် အစိုးရ ထုတ်ပြန်
ဝေဖန်မှုများ ထွက်ပေါ်နေသည့် အစိုးရချေးငွေ ဂယက်