သတင်းတို

ပစ္စည်းပို့ဝန်ထမ်း ထံမှ လုယက်သူ ၄ ဦးကို ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းပေါ်တွင် ယနေ့ မေလ ၅ ရက်နေ့ မနက် ၁၀ နာရီခန့်က အစားအသောက် ပို့ဆောင်ပေးသူ (Delivery) ထံက လုယက်သူ ၄ ဦးအား ဖမ်းဆီး အမှုဖွင့်ထားကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းမှူး ဒုရဲမှူးရွှေဌေးက ပြောသည်။

ဒုရဲမှူး ရွှေဌေးက “Delivery ကောင်လေးဆီကနေ ဖုန်းငှားဆက်ပြီး တက္ကစီနဲ့ ထွက်ပြေးတာပေါ့ ၃ ယောက်က၊ သူတို့ကို ဖမ်းမိတော့ ထပ်စစ်တာမှာ ကြံစည်အကွက်ချပေးတဲ့ ၁ ယောက်ကို ထပ်မိတယ်၊ သူတို့အကုန်လုံးက ဒေါပုံဘက်က လူတွေပါ” ဟု ဧရာဝတီသို့ ပြောသည်။

လုယက်ခံရသူမှာ အစားအသောက်မှာယူမှုများအား အိမ်အရောက်ပို့ဆောင်ပေးသည့် Food Panda delivery ကုမ္ပဏီမှ ဝန်ထမ်း ၁ ဦးဖြစ်ကြောင်း သိရပြီး ၁၀ ရပ်ကွက်အတွင်း သစ္စာလမ်းထောင့်နှင့် ဗလ္လိကလမ်းထိပ်အနီးတွင် လုယက်မှု ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

၁၀ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး က “မနက်က ဖြစ်တုန်းက ၃ ယောက်က ကားနဲ့လုတာပေါ့၊ တိုယိုတာဖစ် ကားလေးပါ၊ နောက်တော့ ဆက်စပ် ၁ ယောက်ကိုပါ ထပ်မိတာပေါ့၊ ကျနော့်အထင်တော့ ဒီ Delivery ကလေးနဲ့ သူတို့နဲ့ ဖုန်းအချိတ် အဆက်ရှိမယ်၊ သူတို့ကြံစည်ပြီး လုတာဖြစ်နိုင်တယ်။ ကျနော့်အမြင်ပေါ့” ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကလည်း လုယက်မှုဖြစ်စဉ်နှင့် ပတ်သက် ပြီး Delivery ပို့ဆောင်သူအား တဦးတယောက်မှ အမှာပြကာ ဖုန်းလုခြင်း ဖြစ်ကြောင်း သိထားရကြောင်း ဧရာဝတီသို့ ပြောပြသည်။

လုယက်သူများအား COVID-19 ကာကွယ်ရေးအတွက် လမ်းထိပ်များတွင် လုံခြုံရေးစောင့်ကြည့်သည့် အုပ်ချုပ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ကာ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဖမ်းမိထားသူ ၄ ဦးအား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် လုယက်မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲစခန်းက သိရသည်။

ဆက်စပ်လင့် –

Delivery ပို့သူတွေအပေါ် ရိုက်ခတ်လာတဲ့ COVID- 19

Loading