မန္တလေးမြို့ရှိ နေအိမ်တလုံးတွင် လူစုလူဝေးဖြင့် အစ္စလာမ်ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သူ ၁၄ ဦးအနက် ၁၂ ဦး အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ လစီ မနေ့က ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။
ဧပြီလ ၁၀ ရက်က မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ် ၁ အိမ်၌ လူစုလူဝေးဖြင့် အစ္စလာမ်ဘာသာရေး ဆိုင်ရာ ဝတ်ပြုဆုတောင်းနေသည်ကို သက်ဆိုင်ရာ ရပ်ကွက် တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလို ပြု၍ အောင်ပင်လယ် မြို့နယ် ရဲစခန်းတွင် တိုင်တန်းခဲ့သည့်အမှုတခု ဖြစ်ကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ မြို့နယ်တရားရုံးတွင် တရားလိုပြသက်သေများအား စစ်ဆေးပြီးနောက် မေလ ၇ ရက်က စွပ်စွဲခံ ရသူ ၁၄ ဦးအနက် ၁၂ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် အပြစ်ရှိသည်ဟု စစ်ဆေးတွေ့ရှိသဖြင့် အထက်ပါပြစ်ဒဏ်အား ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး သတင်း ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။
၎င်းတို့အနက် ကျန် ၂ ဦးမှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များဖြစ်သဖြင့် ကလေးသူငယ်တရားရုံး၌ သီးခြားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ဧပြီလအတွင်း မန္တလေးတိုင်း၌ ကိုဗစ်ကာလအတွင်း ထုတ်ပြန်ထားသော ဒေသန္တရ ဆိုင်ရာ တားမြစ် မိန့်များနှင့် ထုတ်ပြန်ချက်အား မလိုက်နာသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ကူးစက်ရောဂါ ဥပဒေတို့ဖြင့် အရေးယူခဲ့သည့် အမှုပေါင်း ၈၃ မှုရှိကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ လူစည်ကားရာသို့ သွားလာခြင်း မပြုရန်၊ လူစုလူဝေး ပြုလုပ်ခြင်းကို ရှောင်ကြည်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ပါက မိသားစုဝင် တဦးတည်း သာ ထွက်ခွာရန်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ပြောဆိုထားသည်။