မန္တလေးရှိ COVID-19 ပိုးတွေ့ လူနာအမျိုးသမီး ရောဂါပိုး ကင်းစင်၍ ဆေးရုံက ဆင်းခွင့်ရရှိတော့မည် ဖြစ်ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ဧရာဝတီကို ပြောသည်။
၎င်းက “ဓာတ်ခွဲအဖြေက၂ ကြိမ်လုံး Negative (ပိုးမတွေ့) ထွက်တဲ့အတွက် ဒီနေ့ သူဆေးရုံက ဆင်းဖို့ Plan တော့ လုပ်ထား တယ်။ တရားဝင်တော့ စာရောက်မလာသေးဘူးပေါ့” ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှ အသက် ၃၈ နှစ် အရွယ် အမျိုးသမီးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အမျိုးသမီးသည် တူရကီနိုင်ငံမှ ပြန်လာပြီး ရန်ကုန်၌ ၁၄ ရက် အသွားအလာ ကန့်သတ်မှုခံယူခဲ့ပြီးသလို မန္တလေးသို့ ပြန်ရောက်သော အခါတွင်လည်း နေအိမ်၌ အသွားအလာ ကန့်သတ်မှုကို ပြုလုပ်နေစဉ် အစားအသောက် စားရာတွင် အနံ့ အာရုံမရ၍ မန္တလေးဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ်မှ Positive တွေ့ရှိခဲ့သူ ဖြစ်သည်။
လက်ရှိတွင် ၎င်း၏ ဓာတ်ခွဲနမူနာအား ၅ ကြိမ် စစ်ဆေးခဲ့ရာ နောက်ဆုံး နှစ်ကြိမ်၌ COVID-19 ရောဂါပိုး မတွေ့တော့၍ ကန်တော်နဒီ ဆေးရုံမှ ဆင်းခွင့်ပေးရန် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ယနေ့ စီစဉ်လျက်ရှိပြီး ဆေးရုံဆင်းခွင့်ရရှိပါက Facility Quarantine အဖြစ် နဒီမြန်မာ ဟိုတယ်တွင် ၁၄ ရက် ထပ်မံနေရမည် ဖြစ်သည်ဟု ဒေါက်တာ စုစုဒွေးက ပြောသည်။
၎င်းက “Facility Quarantine မှာနေမလား၊ Hotel Quarantine မှာ နေမလားကတော့ သူအဆင်ပြေတာ ရွေးလို့ ရပါတယ်။ Facility Quarantine ဆိုရင်တော့ ပိုက်ဆံပေးစရာ မလိုဘူးပေါ့” ဟု ဆိုသည်။
မန္တလေးမြို့၌ ကိုဗစ်လူနာ ၃ ဦး တွေ့ရှိခဲ့ပြီး မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှ လူနာအမျိုးသားနှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်မှ လူနာအမျိုးသားတို့သည် ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ယခု လူနာအမျိုးသမီးသည် လည်း ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိမည် ဖြစ်သဖြင့် မန္တလေးတိုင်းတွင် ကိုဗစ် လူနာအဖြစ် ဆေးကုသခံယူ နေသူအားလုံး ရောဂါပိုးကင်းစင်သွားပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ရောဂါပိုး ကင်းစင်သူ ၇၄ ဦးရှိကာ ယင်းအနက် ၅၉ ဦးသည် ဆေးရုံမှ ဆင်းခွင့် ရရှိကာ သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်မှု ဆက်လက်ခံ ယူနေဆဲဖြစ်သည်ဟု မေ ၁၁ ရက်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးရှိ တတိယမြောက် ကိုဗစ်လူနာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရ
COVID – 19 ရောဂါပိုး မထိန်းချုပ်နိုင်မီ မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး