တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိစစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပထမအသုတ်အဖြစ် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ Negative အဖြေ ထွက်သဖြင့် ရောဂါပိုး မရှိကြောင်း သတင်း ရရှိသည်။
“ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တဝန်းလုံးက အရာရှိစစ်သည်အားလုံးကို စစ်မှာဖြစ်တယ်။ အခုတော့ ၅၅ ရာခိုင်နှုန်း စစ်ပြီးပါပြီ။ ရောဂါပိုး တွေ့ ရှိရတဲ့သူ မရှိသေးပါဘူး”ဟု တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသည် နေပြည်တော်တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် ဖြစ် သည်။
ယခုလို စစ်ဆေးမှုများကို မေလ ၁၀ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် အရာရှိ စစ်သည် မိသားစုဝင်များ အားလုံး၏ ၅၅ ရာခိုင်နှုန်းကျော်အား ပဏာမ စစ်ဆေးမှု ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ တလအတွင်း ခရီးသွား ရာဇဝင်ရှိသူများကိုလည်း သွေးဖောက်စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိရသူ မရှိကြောင်း သိရသည်။
“အများအားဖြင့် Rapid Test Kit နဲ့ အရင်စစ်လိုက်တယ်။ အဲဒီအထဲမှာ သံသယရှိလို့ ပေါ်လာတယ်ဆိုရင် စက်ကြီး (COBAS) နဲ့ စစ်တာပေါ့”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ယခုကဲ့သို့ စစ်ဆေးခြင်းသည် နေပြည်တော်ရှိ တပ်မတော်သားတဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိထားခြင်းနှင့် မသက် ဆိုင်ဘဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)သည် တပ်မတော်တွင် အရေးကြီးသော နေရာတခု ဖြစ်၍ ယခုလို စစ်ဆေး ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။
သို့သော် နေပြည်တော်ရှိ တပ်ရင်းတပ်ဖွဲ့ဝင် အားလုံးကို COVID – 19 ရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးပေးမည့် အစီအစဉ် မရှိသေးကြောင်းလည်း သိရသည်။
နေပြည်တော်မှ တပ်မတော်သား ၁ ဦး၊ ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်နေစဉ် COVID -19 ရောဂါပိုး ကူးစက်ခံ တပ်မတော် အရာရှိ ၅ ဦး၊ စုစုပေါင်း ၆ ဦး ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အရာရှိ ၅ ဦးတွင် ရုရှားနိုင်ငံ၌ ဆေးကုသမှုခံယူနေပြီး စစ်ဆေးချက်အရ ၄ ဦးတွင် ရောဂါပိုး မတွေ့ရတော့ကြောင်း၊ ကျန် ၁ ဦးမှာလဲ ဆက်လက်ကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း၊ နေပြည်တော်ရှိ တပ်မတော်သား တဦး မှာလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသော်လည်း အသေးစိတ် ဆက်လက် ထုတ်ပြန်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ စတင်တွေ့ ရှိခဲ့သည့် မတ်လ ၂၃ ရက်နေ့ နောက်ပိုင်း မတ်လ ၃၀ ရက် နေ့မှ စတင်၍ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ များကို အရေးကြီး ကိစ္စရပ် မရှိလျှင် တပ်ပြင်သို့ လုံးဝ မထွက်တော့ရန် စတင် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။
You may also like these stories:
ကာကွယ်ဆေး မပေါ်သေးသော်လည်း ကျောင်းများ ပြန်ဖွင့်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော
မိမိတိုင်းပြည်ကို အားကိုးစိတ်မွေးရန် “ဝ” နှင့် မိုင်းလားတို့တို့ကို တပ်ချုပ်ပြော
ရန်ကုန်တွင် Mask မတပ်ဘဲ အပြင်ထွက်သူများကို အရေးယူတော့မည်