COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားသည့် တားမြစ်ချက်များအား မေ ၁၆ ရက်မှ စတင်၍ အဆင့် ၃ ဆင့်နှင့် ဖြေလျှော့သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ထုတ်ပြန်ထားသည်။
ထိုသို့ ဖြေလျှော့ရာတွင် စည်ပင်နှင့် သက်ဆိုင်သော လုပ်ငန်းများအား ပထမ၊ ဒုတိယ၊ တတိယ ဦးစားပေး အဆင့် ၃ ခု ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရောဂါကူးစက်နိုင်မှု အခွင့်အရေးနည်းသော လုပ်ငန်းများအား ပထမ ဦးစားပေး အနေ ဖြင့် စတင် ခွင့်ပြုသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်၏ လူမှုကွန်ရက် စာမျက်နှာ၌လည်း ယနေ့ ထုတ် ပြန်ထားသည်။
ပထမဦးစားပေး အဖြစ် စည်ပင်နှင့် သက်ဆိုင်သော လုပ်ငန်းများနှင့် အရောင်းဆိုင် လုပ်ငန်း ၄၇ မျိုး ပါဝင်ပြီး ဒုတိယ မှာ လုပ်ငန်း ၃ မျိုး၊ တတိယတွင် ၅ မျိုး ပါဝင်ကြောင်း သိရသည်။
ပထမဦးစားပေး လုပ်ငန်း ၄၇ မျိုးကို ခွင့်ပြုမည် ဖြစ်ရာ ယင်းတို့မှာ ဆောက်လုပ်ရေး လုပ်ငန်း သုံး ပစ္စည်း အရောင်း ဆိုင်၊ ကုန်စုံ/ကုန်မာဆိုင်၊ လျှပ်စစ် ပစ္စည်း အရောင်းဆိုင်၊ အောင်ဘာလေ ထီဆိုင်၊ ကား/ဆိုင်ကယ် အရောင်း ပြခန်း များ၊ ကား/ဆိုင်ကယ် ပြုပြင်ခြင်းနှင့် ဆက်စပ် အပိုပစ္စည်းများ အရောင်းဆိုင်၊ ကား/ဆိုင်ကယ် ရေဆေး ဆီလိုက်၊ လေထိုး ကျွတ်ဖာဆိုင်၊ တွင်ခုံ၊ စက်ချုပ်ဆိုင်၊ ဖိနပ်ဆိုင်၊ စာရေးကိရိယာနှင့် စာအုပ် အရောင်းဆိုင်၊ ထင်း/မီးသွေး/ သစ်ဝါး အရောင်းဆိုင်၊ ရက်ကန်းလုပ်ငန်း၊ ဖိုဘိုင်းဖုန်း ရောင်းဝယ်ပြုပြင်ရေးဆိုင်၊ စိုက်ပျိုးရေး လုပ်ငန်း သုံးပစ္စည်းများ အရောင်းဆိုင်၊ ရွှေနှင့် ရွှေထည် ပစ္စည်း ရောင်းဝယ်ရေး၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး၊ မိတ္တူ/ ကွန်ပျုတာ/ စာစီစာရိုက်/ဗီနိုင်း/ ဓာတ်ပုံဆိုင်၊ လုပ်ငန်းသုံးယာဉ်၊ ယန္တရားများ ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်း ဆိုင်ရာ တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်း၊ ပန်းပန်/ပျိုးပင် အရောင်းဆိုင်၊ ကျောက်စိမ်း ကျောက်ဖြတ် လုပ်ငန်း၊ ပုံနှိပ်လုပ် ငန်း၊ ဆံပင် အလှပြင်ဆိုင်၊ ဆေးဆိုး တံဆိပ်ရိုက်နှင့် ဆိုင်းဘုတ် လုပ်ငန်းတို့ ဖြစ်သည်။
ထို့ပြင် ကွန်ပျူတာ စက်ပန်းထိုး လုပ်ငန်း၊ ဝါဂွမ်း/ချည်မျှင်/ဂုံနီအိတ်/မှို့သိုလှောင် ရောင်းချဆိုင်၊ ပစ္စည်းဟောင်း သို လှောင် အရောင်းဆိုင်၊ လူသုံး အဝတ်အထည်ဆိုင်၊ ပရိဘောဂ အရောင်းဆိုင်၊ ရွှေပန်းတိမ်/ရွှေချည်ထိုး/ ရွှေဆိုင်း အရောင်းဆိုင်၊ သံဖြူလုပ်ငန်း၊ ကြွေထည်/မြေထည် အရောင်းဆိုင်၊ ကျောက်ဆစ်/ ကြေးသွန်း လုပ်ငန်း၊ ဖန်ထည်/ မှန် အရောင်း ဆိုင်၊ ပလပ်စတစ် ပစ္စည်း အရောင်းဆိုင်၊ မျက်မှန်/နာရီအရောင်း/ပြုပြင်ဆိုင်၊ အလှကုန် ပစ္စည်း အရောင်း ဆိုင်၊ အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်း၊ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ စီဒီ/ဒီဗွီဒီ အခွေအငှား အရောင်းဆိုင်၊ အပေါင်ဆိုင်၊ သားရေနယ် လုပ်ငန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ဖွင့်ခွင့်ရသော စက်ရုံ/ အလုပ်ရုံများ ဖြစ်ကြောင်း သိရသည်။
ဒုတိယ ဦးစားပေး ဖွင့်လှစ်မည့် လုပ်ငန်းများမှာ ကိုယ်ကာယကြံ့ခိုင်မှု လုပ်ငန်းများ၊ စကိတ်ကွင်း/ဖူဆယ်ကွင်း၊ တည်းခို ခန်းများ/ဘော်ဒါဆောင်များ ဖြစ်သည်။
တတိယ ဦးစားပေး လုပ်ငန်းများမှာ အပန်းဖြေ၊ ဖျော်ဖြေရေးနှင့် ပတ်သက်သော လုပ်ငန်းများ ဖြစ်ပြီး မြို့တော် အပန်း ဖြေ ဥယျာဉ်များ၊ ပန်းခြံများ၊ ခန်းမ ငှားရမ်းခြင်း လုပ်ငန်းများ၊ ကာရာအိုကေ/စင်တင် တေးဂီတ၊ Spa အလှပြင်ဆိုင်/ အကြောပြင် လုပ်ငန်းများ ဖြစ်ကြသည်။
ထိုသို့ လုပ်ငန်းများအား ဦးစားပေး အဆင့်အလိုက် ဖွင့်ခွင့်ပြုမည် ဖြစ်သော်လည်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူတဦးနှင့်တဦး ၃ ပေမှ ၆ ပေ အကွာအဝေး ထား၍ ဆောင်ရွက်ရန်၊ လူတိုင်း မဖြစ်မနေ Mask (လိုအပ်ပါက Face shield) တပ်ဆင်ရန်၊ လုပ်ငန်းခွင်သို့ မဝင်မီ ဆပ်ပြာဖြင့် လက်ဆေးရန်၊ ဝင်/ထွက်ပေါက်များ၌ လက်ဆေးကန်၊ Hand Gel များ ထားရှိရန်၊ ဆိုင်သို့ လာရောက်သူများအား အပူချိန်တိုင်း စက်ဖြင့် တိုင်းတာရန် တို့လုပ်ဆောင်ရမည် ဖြစ် သည်ဟု စည်းကမ်း သတ်မှတ်ထားသည်။
အထက်ပါ စည်းကမ်းချက်များအား မလိုက်နာပါက ပထမအကြိမ် ဆိုင်အား ၃ ရက် ပိတ်သိမ်းခြင်း၊ ဒုတိယ အကြိမ် ဆိုပါက ၁၀ ရက် ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ် ဖြစ်ပါက ဆိုင်အား အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းဖြင့် အရေး ယူ ဆောင်ရွက်သွားမည်ဟု သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတိုင်း ညမထွက်ရ ၁၀ နာရီမှ ၁၂ နာရီ ပြောင်း
Semi-Lockdown ချခံထားရသည့် ရန်ကုန် ၁၀ မြို့နယ်က အမတ်များတွင် COVID – 19 ပိုး မတွေ့