သတင်းတို

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းက ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားနေသော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၆ ရက်နေ့ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

“နောက် ၁၂ နာရီအတွင်းမှာတော့ မုန်တိုင်းငယ် အဆင့်ကို ရောက်နိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင် ၁၆ ရက်နေ့ ညပိုင်းလောက်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ရောက်နိုင်တယ်” ၎င်း က ရှင်းပြသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက် ကနဦးတွင် အိန္ဒိယဘက်သို့ ရွေ့လျားကာ မေလ ၁၇ ရက်နေ့ နောက်ပိုင်း၌ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျား မည်ဖြစ်သဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းအခြေအနေကို သတိထား စောင့်ကြည့်ရမည်ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကို ရွေ့လျားလာမည်ဖြစ်သည့် အဆိုပါမုန်တိုင်းဝင်ရောက်မည့် ကမ်းရိုးတန်းကိုမူ မေလ ၁၈ ရက်နေ့မှသာ ခန့်မှန်း သိရှိနိုင်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဦးကျော်မိုးဦးက “ဘယ်ကမ်းကို ဝင်မယ် ဆိုတာကတော့ ခန့်မှန်းဖို့ ခက်သေးတယ်။ လေဖိအားနည်း ရပ်ဝန်းပဲ ရှိနေသေးတဲ့ အခါကျတော့ အိန္ဒိယရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ မြန်မာရယ် အဲဒီ ၃ ခုလုံးစလုံးမှာ လေထုဖိအား အလျော့ကျဆုံးနေရာကို ဝင်သွားမယ့် အနေအထားရှိတယ်။ ဘယ်ကမ်းကို ဝင်မယ် ဆိုတာတော့ ပြောဖို့ နည်းနည်းလေး စောနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် မုန်တိုင်း အရှိန်ကြောင့် မိုးသက် လေပြင်းကျမည့် အနေအထားရှိနေပြီး မုန်တိုင်းဝင်မည့် မေလ ၁၈ ရက်မှ ၂၂ ရက်အတွင်း ပင်လယ်ပြင် ခရီးသွားခြင်း ရှောင်ကြည်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

လေပြင်းတိုက်ခတ်မှု ဖြစ်စေသည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေဟု မိုး/ဇလ ပြော

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အားပျော့သွားဟု မိုးဇလဆို

မေလဆန်း၌ မုန်တိုင်းငယ်ဖြစ်ပေါ်ရန်ရှိ၊ ဧရာဝတီတိုင်းသို့ ဦးတည်နိုင်ဟု မိုး/ဇလ ခန့်မှန်း

Did you find apk for android? You can find new Free Android Games and apps.
Loading