ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)၏ အရှိန်ကြောင့် ယနေ့မှ စကာ လာမည့် ၄ ရက်အတွင်း နိုင်ငံအဝှမ်းတွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီဌာနမှ ထုတ်ပြန်ကြေညာထားသည်။
မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက “အခုလက်ရှိက အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အခြေအနေမှာ ရှိတယ်။ ကမ်းကတော့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် အစပ်လောက်က ကမ်းခြေ ကနေ ဝင်မှာပေါ့။ ပြီးရင် ကုန်းတွင်းမုန်တိုင်း အနေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲမှာ ဆက်ပြီးတော့ သွားမှာ။ ကုန်းရောက်သွား ရင်တော့ တဖြည်းဖြည်း အားပျော့ ပျက်ပြယ်သွားမှာပေါ့” ဟု ပြောသည်။
မေလ ၁၈ နေ့မှ ၂၁ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ အမ်ဖန်(AMPHAN) သည် ပိုမိုအားကောင်းလာပြီး လာမည့် ၁၂ နာရီအတွင်း စူပါဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း နှင့် ယင်းမုန်တိုင်းသည် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေ ဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းသည်။
အမ်ဖန် (AMPHAN) ၏ လက်ရှိ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၁၂၀ ရှိပြီး မုန်တိုင်း အရှိန်ကြောင့် မြန်မာကမ်းရိုးတန်း တလျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်များတွင် တခါတရံ မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်ကြောင်း မိုး/ဇလက သတိပေး ထုတ်ပြန်ထားသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးရွားသည့် မိုးလေဝသအခြေအနေများကို မြန်မာ့ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး သွားလာနေကြသော ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်းကောင်း၊ လေကြောင်းပျံသန်းရေးအနေဖြင့် လည်းကောင်း ကြိုတင် သတိပြုကြရန် မိုး/ဇလက တိုက်တွန်းနှိုးဆော်ထားသည်။
ဆက်စပ်ဖတ်ရှုရန် –
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းက ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်
လေပြင်းတိုက်ခတ်မှု ဖြစ်စေသည့် မိုးတိမ်တောင်များ ဖြစ်ပေါ်နေဟု မိုး/ဇလ ပြော
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း အားပျော့သွားဟု မိုးဇလဆို