မြန်မာလုပ်သားတဦး ထိုင်းမှ ၂ ရက်ကြာ လမ်းလျှောက်ပြန်လာ
Covid-19 ကာလအတွင်း သက်ဆိုင်ရာဒေသန္တရအမိန့်များထုတ်ကာ သွားလာကန့်သတ်မှုများ လုပ်ထားသည့် ကြားမှ မြန်မာရွှေ့ပြောင်းလုပ်သားတဦးသည် ထိုင်းနိုင်ငံမှ ထားဝယ်ခရိုင်သို့ ၂ ရက်ကြာ လမ်းလျှောက်ပြန် လာကြောင်း သတင်းရရှိသည်။
လောင်းလုံးမြို့နယ်၊ အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး က “သူက ခိုးပြီးထွက်လာတယ်။ ကျနော်တို့ တရားဝင်ပိတ်ထားတဲ့ အပေါက်ကနေ သွားလာဖို့ ကားတွေမရှိတော့ သူဖြေး ဖြေးချင်းထွက်လာတာပေါ့။ ကျနော်တို့က ရနောင်းဘက်အပေါက် တခုပဲ ဖွင့်ထားတာ။ သူလမ်းလျှောက်ပြန်လာ တော့ KNU ဘက်က သူ့ကို လမ်းမှာတွေ့တယ်လို့ ပြောတယ်”ဟု ပြောသည်။
လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ကျေးရွာတွင် နေထိုင်သည့် ဦးသိန်းဇော်သည် ထိုင်းနိုင်ငံ ကန်ချနာဘူလီ မြို့၊ ထပ်ခနောင်ကျေးရွာ၊ ပင်ဟမ်းနယ်စပ်ဘက်မှ ၂ ရက်တာလမ်းလျှောက်ပြန်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထိုမှတဆင့် သဗြုချောင်းကျေးရွာ KNU (ကရင်အမျိုးသားအစည်းအရုံး) ဂိတ်တွင်ရောက်ရှိနေကြောင်း KNU က လောင်းလုံးမြို့မှ တာဝန်ရှိသူများသို့ ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် သိရှိရခြင်းဖြစ်သည်ဟု ဦးဗိုလ်ထွေးက ဆိုသည်။

လောင်းလုံးမြို့နယ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ TTL အာယုဒါနအဖွဲ့က ဦးသိန်းဇော်အား မေလ ၁၈ ရက်က သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဦးသိန်းဇော်ကို တောင်မင်းပြောင်ကျေးရွာရှိ မူလွန်ကျောင်းတွင် Quarantine ၂၁ ရက်ဝင်ခိုင်းထားကြောင်း သိရသည်။
ဦးသိန်းဇော်သည် ထိုင်းနိုင်ငံတွင် ကျပန်းအလုပ် လုပ်ကိုင်သူဖြစ်သည်။
တောင်မင်းပြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလတ်ကို က “KNU ဂိတ်က ကျနော်တို့ဂိတ်နားအထိ လိုက်ပို့ပေးတယ်။ သူ့လမ်းလျှောက်ပြီးလာတဲ့အချိန်မှာ သူ့ကိုတွေ့တာ။ သူ့မှာ ငွေအနည်းငယ်ပါပါတယ်။ ဘာကြောင့် ပြန်လာတာလဲဆိုတာတော့ မသိဘူး” ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် Covid-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၉၃ ဦးရှိပြီး ထိုအထဲမှ သေဆုံးသူ ၆ ဦးရှိကြောင်း နှင့် ရောဂါပိုး ကင်းစင်လာသူလည်း ၁၀၄ ဦးပြီ ဖြစ်ကြောင်းသိရသည်။
You may also like these stories:
အမ်ဖန် မုန်တိုင်း အရှိန်ကြောင့် နိုင်ငံအဝှမ်း မိုးထစ်ချုန်းရွာနိုင်
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းက ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်