တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ လက်ရှိ ကမ္ဘာတဝှမ်းမှာ ကူးစက်ခံရသူ ၅ သန်းကျော်သွားပြီလို့ သိရပါတယ်။
ကူးစက်မှု စတင်ချိန်ကနေ အခုအချိန်အထိ ၅ လ မပြည့်သေးပေမယ့် ကူးစက်မှုနဲ့ သေဆုံးမှုမြန် ရောဂါအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ တကမ္ဘာလုံးမှာ ပြည်လည် သက်သာသွားတဲ့ COVID-19 လူနာအရေအတွက်ကတော့ မေလ ၂၁ ရက်နေ့အထိ ၂ သန်းကျော် ရှိပါတယ်။
ကမ္ဘာ့နိုင်ငံတွေထဲ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံနေရာမှာ အမေရိကန်နိုင်ငံက ရပ်တည်နေပါတယ်။ ဒီနေ့အထိ အမေရိကန်မှာ ကူးစက်ခံရသူ ၁ ဒဿမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၉၄,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ မေလအတွင်းမှာတော့ ရုရှားနဲ့ ဘရာဇီးမှာလည်း ကူးစက်မှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။
မေလ ၂၁ ရက်နေ့ စာရင်းတွေအရ ရုရှားမှာ COVID-19 ကူးစက်ခံရသူ ၃၀၀,၀၀၀ ကျော်နဲ့ ဘရာဇီးမှာ ၂၉၁,၀၀၀ ကျော် ရှိလာခဲ့ပြီး အမေရိကန်ပြီးရင် ဒုတိယနဲ့ တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။
Ref. AFP,BBC