ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်း မပြုသေးဘဲ ခေတ္တ ဆိုင်းငံ့ထားသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရှင်းလင်းတင်ပြချက်ကို ယနေ့ ပြည်ထောင်စု လွှတ်တော်က သဘောတူ လိုက်သည်။
ဖွဲ့စည်းပုံ အခြေခ ံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နှင့်အကျုံးဝင်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီးဖြစ်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) တို့ ကို ပြင်ဆင်နိုင်ရန်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်ခြင်း ဖြစ်သည်။
အဆိုပါ ပြင်ဆင်ပြဌာန်းမည့် အဆိုပြုချက်များမှာ အစိုးရ၊ လွှတ်တော်တို့၏ လုပ်ငန်းဆောင်တာများနှင့် နိုင်ငံတော်၏ လုံ ခြုံရေးရာ ကိစ္စရပ်များကို သက်ရောက်မှုများစွာ မရှိသလို ကျင်းပမည်ဆိုပါက ဘဏ္ဍာငွေကုန်ကျမှုများစွာ ရှိနိုင်သော ကြောင့် ခေတ္တဆိုင်းငံရ ရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ ဝင် ဦးသန်းအောင်က လွှတ်တော်တွင် ပြောသည်။
ဦးသန်းအောင်က“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပခြင်းကြောင့် နိုင်ငံတော်၏ အရေးအရာကိစ္စများ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ နှင့် လွှတ်တော်များ၏ လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု များစွာ မရှိသောကြောင့်လည်းကောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကုန်ကျမှု အခြေအနေရလည်းကောင်း နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ များနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်မည် ဆိုပါက ပိုမိုသင့်လျော်မည် ဖြစ်ပါတယ်”ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေတွင် ပုဒ်မ ၃၂ ပုဒ်မခွဲ (က)တွင် အိုမင်းမစွမ်းသူများ၊ မသန် မစွမ်းသူများအား ကြည့်ရှု့စောင့်ရှောက်ရမည်ဟု ပြဌာန်းချက်အစား သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအား ကြည့်ရှု့ စောင့်ရှောက်ရမည်ဟူ၍ စာသား အနည်းငယ် ပြင်ဆင်ရန် သဘောတူခဲ့သည်
ထို့အတူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ (ခ)တွင် မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့် တင့် လျှောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင့်ယူနိုင်ရန် စီမံဆောင်ရွက် ရမည်ဟု ပြဌာန်းချက်အစား မသန်စွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင်လျှောက်ပတ်စွာ နေထိုင် စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ် သင်ယူနိုင်ရန် စီမံဆောင်ရွက်ရမည်ဟူ၍ ပြင်ဆင်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
ထိုသို့စာသားအနည်းငယ်ပြင်ဆင်မှုကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့်အတူပူးတွဲ ကျင်းပပါက အချိန်၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာမှုရှိနိုင်မည်ဟု ဆိုသော်လည်း သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းများရှိသောကြောင့် လိုအပ်သည့် အထောက်အကူပစ္စည်းများအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် (၁၄၆၄၆.၃၁၄သန်း)ကို ကုန်ကျခံသုံးစွဲရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တွက်ချက်ထားသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်ကလည်း“နာယကအနေနဲ့လည်း ကော်မရှင် ရှင်းလင်းတင်ပြချက်ဟာ အကျိုးအကြောင်း ညီညွှတ်မှုရှိတဲ့အတွက် လက်ခံစဉ်းစားသင့်တယ်လို့ သုံးသပ်ပါတယ်”ဟု ယနေ့လွှတ်တော် အစည်းအဝေးတွင်ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ယူကျင်းပပေးရမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၃၂ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) တို့တို့အပြင် ပထမကြိမ်လွှတ်တော်သက်တမ်းက ပြင်ဆင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ)လည်း ကျန်ရှိနေသည်။
ထိုပြင်ဆင်ချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ)တွင် နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ် ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင်များရှိရမည်ဟု ပြဌာန်းချက်အစား နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များရှိရမည်ဟု ပြင်ဆင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
You may also like these stories:
NLD အစိုးရသက်တမ်းအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပြီးသတ်မည်ဟု လွှတ်တော် နာယကပြော