ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံး မူဆလင်ဒုက္ခစခန်းပြောင်းရွှေ့ တည်ဆောက်ရန်အတွက် ကျပ်သန်းနှစ်ထောင်ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေထဲမှ ရခိုင်ပြည်နယ်အစိုးရ၏ တွက်ချက်တင်ပြလာသည့် စုစုပေါင်း ကုန်ကျငွေ ကျပ် ၂၀၉၉.၃၁ သန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ သုံးစွဲခွင့်ရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့ကျခံသုံးစွဲခြင်းအား လွှတ်တော်နယက ဦးတီခွန်မြတ်က မှတ်တမ်းတင်ကြောင်း ယနေ့ ကြေငြာခဲ့သည်။
ဗိုလ်ချုပ် သန်းထွဋ်က “လုပ်ငန်းတွေကိုတော့ ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အပ်ငွေလုပ်ငန်းအဖြစ် လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
ထိုငွေများကို နေအိမ် ၃၆၃ လုံးနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် စာသင်ကျောင်း၊ ရေလောင်းအိမ်သာ၊ ဂိုထောင်၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ တာဘောင်ဆည် ဖို့ခြင်း၊ ကျောက်ချောလမ်းနှင့် ပြန်လည်နေရာချထားမည့် မြေနေရာတို့အတွက် မြေရာလျော်ကြေး ပေးခြင်းများ အတွက်ပါ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း ဖွင့်လှစ်ခဲ့သော စခန်းတခုဖြစ်ပြီး လူဦးရေအားဖြင့် တထောင်ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“မူလစခန်းမှာက စားဖို့သောက်ဖို့ စသဖြင့် အနေအထားတွေက ယိုယွင်းမှုတွေရှိလာတဲ့အခါ ပိုပြီးတော့ ကောင်းမွန်တဲ့ နေရာပိုပြီးတော့ အဆင်ပြေတဲ့ ရေ၊ မီး၊ လျှပ်စစ် စသည်ဖြင့် စီစဉ်နေတာတွေ တွေ့ရတယ်” ၎င်းက ပြောသည်။
မူလကျောက်တလုံး IDP စခန်းဖွင့်ထားသည့်နေရာမှာ အချိန်ကာလကြာမြင့်လာသောကြောင့် ရေ၊ မီး၊ လျှပ်စစ် စာသင်ကျောင်း စသည့် အခြေခံအဆောက်အဦးမှာဖြင့် စနစ်တကျဖြစ်စေရန် ယင်းစခန်းနှင့် မဝေးလှသည် မြေနေရာတခုတွင် ထိုသို့ ပြောင်းလည်းဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကျောက်တလုံး IDP စခန်း ပိတ်သိမ်းရေးနှင့် ပတ်သက်သော ညှိုနှိုင်းအစည်းအဝေးတွင် ယင်းစခန်းကို ရွှေ့ပြောင်း တည်ဆောက်ရန် ကုန်ကျစရိတ်များကို ယခုကဲ့သို့ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယနေ့လွှတ်တော်တွင် ပြောဆိုခဲ့သည်။
မွတ်စလင် ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် ဆောင်ရွက်နေခြင်းသည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလုံရာ စခန်းများကို ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ လွန်ခဲ့သည် ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်ရှောင်များအနေဖြင့် ဆောက်ပေးထားသည့် စခန်းများ၌သာ နေကြရန် ပြည်နယ်အစိုးရပြော
ရခိုင် စစ်ရှောင်စခန်းများ မုန်တိုင်းနှင့် ရာသီဥတုဒဏ် စိုးရိမ်နေ
ပြန်လာတဲ့သူတွေအတွက် အစိုးရက ထောက်ပံ့တာ ဘာမှ မရှိဘူး