ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်-တောင်ကြီး-ကလော ကားလမ်းပေါ်တွင် ကျပ် ၇၈ ဒဿမ ၇၂၅ ဘီလီယံ(သိန်းပေါင်း ၇ သိန်း ၈ သောင်းကျော်) တန်ဖိုးရှိ မက်သာအဖက်တမင်(ICE) မူးယစ်ဆေး ၃၁၄၉ ကီလို သယ်ဆောင်သူများအား မေလ နောက်ဆုံးပတ်တွင် ကွင်းဆက် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မေ ၃၁ ရက်နေ့က သတင်း ထုတ်ပြန်သည်။
ပူးပေါင်းအဖွဲ့အနေဖြင့် မေလ ၂၄ ရက်နေ့က လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီး ကားလမ်း ပေါ်တွင် ခွန်စံဦးဆိုသူ မောင်းနှင်ပြီး ဝေလင်းထွန်းဆိုသူ လိုက်ပါလာသည့် ၁၂ ဘီးယာဉ်ပေါ်တွင် ကျပ်ဘီလီယံ ၄၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေး ၁၆၁၅ ကီလို ဖမ်းမိခဲ့သည်။
ဖမ်းမိသူများကို စစ်ဆေးချက်များအရ ကွင်းဆက် အဖြစ် အခြားယာဉ် ၁ စီးအား ဆက်လက်စုံစမ်းခဲ့ရာတွင် မေလ ၂၉ ရက်နေ့က ကလောမြို့နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလော ကားလမ်းမဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ် ၁ စီးအား တွေ့ရှိခဲ့ပြီး ဇော်မင်းထွေး(ခ)ကျားပေါက် ဆိုသူနှင့်အတူ ယာဉ်ပေါ်မှ ICE မူးယစ်ဆေး ၁၅၃၄ ကီလိုအား ထပ်မံ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းမိထားသည့် ခွန်စံဦးနှင့် ဝေလင်းထွန်း ဆိုသူတို့အား လွိုင်လင်မြို့မရဲစခန်း၊ မယ(ပ)၈/၂၀၂၀၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။
အဆိုပါ ကွင်းဆက်ဖမ်းမိမှုနှင့် ပတ်သက်ပြီး ပါဝင်ဆက်စပ်သူအနေဖြင့် ၈ ဦးအား ဖော်ထုတ်သိရှိထားရာတွင် ၄ ဦးသာ ဖမ်းဆီးရမိထားကာ ၄ ဦးမှာ ထွက်ပြေး တိမ်းရှောင်လျှက် ရှိပြီး ထိုလူများ၏ အမည်စာရင်းများကို အသေးစိတ် မသိရှိရသေးပါ။
၎င်းတို့၏ ထွက်ဆိုချက်အရ ပါဝင်ပတ်သက်သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကျွန်းချောင်းအုပ်စု၊ လေးဖာထောကျေးရွာနေ ကိုသူ(ခ) မြင့်သူ၊ ကိုဖြူနှင့် မိုင်းရှူးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာအုပ်စု၊ ဝမ်ဆော့ ကျေးရွာနေ ကိုစိုင်း ဆိုသူတို့ကိုလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မူး/ယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း ရွာငံမြို့နယ်အတွင်း အောင်ပန်းဘက်မှ ရွာငံဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၁ စီးအား စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ရွာငံမြို့နယ်၊ ညောင် ကုန်း ကျေးရွာအနီးတွင် ယာဉ်မောင်းအား မတွေ့ရှိရဘဲ မော်တော်ယာဉ်အား စစ်ဆေးရာ ကျပ်သိန်းပေါင်း ၂၇၂၈၀ သိန်း(၂ ဒဿမ ၇၂၈ ဘီလီယံ)တန်ဖိုးရှိ ICE ၁၂၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၈၀၀၀ ပြား ဖမ်းမိခဲ့ကြောင်းလည်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
မူဆယ်ကို ပိုက်စိပ်တိုက်ရှာ တရားမဝင် တရုတ်များနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်မိ
ရှမ်းပြည် မူးယစ်ဆေးဖမ်းဆီးမှုအတွင်း ဖန်တနိုင်း အများအပြား ဖမ်းမိ