တိုင်းနှင့် ပြည်နယ်များရှိ လမ်းတံတားဂိတ် ၈၆ ခုတွင် ဖြတ်သန်းခများကို ယနေ့ ဇွန်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်ထိ သတ်မှတ်ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းသာ ကောက်ခံသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက “အဓိကတော့ ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်မှာ စီးပွားရေးနဲ့ ပတ်သက်လာရင် ကျလာတဲ့အတွက် ကျနော်တို့က တဖက်တလမ်းကနေ အထောက်အကူ ပြုအောင် ဆိုပြီး ကောက်ခံခတွေကို တဝက်လျှော့ချပေးတာ ဖြစ်ပါတယ်။ ဒါကလည်း ၆ လလောက်ပဲ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့မှ စ၍ ရာခိုင်နှုန်း တဝက်ခန့် လျှော့ချကောက်ခံပေးသွားမည့် လမ်းတံတားများမှာ ကရင်ပြည်နယ်ရှိ တံတား ၄ စင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ တံတား ၇ စင်း၊ တနင်္သာရီတိုင်း ဒေသကြီးရှိ လမ်း ၃ ဂိတ်နှင့် တံတား ၁ စင်း၊ ပဲခူးတိုင်း ဒေသ ကြီးရှိ လမ်း ၃ ဂိတ်နှင့် တံတား ၁၁ စင်း၊ မကွေးတိုင်း ဒေသကြီးရှိ လမ်း ၄ ဂိတ်နှင့် တံတား ၁၀ စင်း၊ မန္တလေးတိုင်း ဒေသ ကြီးရှိ လမ်း ၄ ဂိတ်နှင့် တံတား ၉ စင်း၊ မွန်ပြည်နယ်ရှိ လမ်း ၂ ဂိတ်နှင့် တံတား ၇ စင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ လမ်း ၄ ဂိတ် နှင့် တံတား ၂ စင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လမ်း ၂ ဂိတ်နှင့် တံတား ၁ စင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ လမ်း ၂ ဂိတ်နှင့် တံတား ၁၀ စင်း ဖြတ်သန်းခများကို တဝက်ခန့် လျှော့ချ ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရက လမ်းနှင့် တံတားကောက်ခံခများကို လျှော့ချရန် ထုတ်ပြန်သည့် ကြေညာချက်သည် အစိုးရပိုင် တံတားများ အပါအဝင် BOT ကုမ္ပဏီများပါဝင်ခြင်း ရှိ၊ မရှိကို အတိအကျ မသိရသေးကြောင်း လုပ်ငန်းရှင်အချို့က ပြောပြသည်။
ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တဦးက “အခုက ညွှန်ကြားချက် ထုတ်ထားတာက လမ်းတံတားကြေးကို ၅၀ ရာခိုင်နှုန်း လျှော့ထားတယ် ပြောတယ်။ အဲဒီမှာ ခွဲခြားမထားဘူး။ BOT ကုမ္ပဏီရှိတဲ့ လမ်းတံတားကြေးတွေရော၊ အစိုးရပိုင်ရှိတဲ့ လမ်းတံတားကြေးတွေရော ရှိသမျှ အကုန်လျှော့တာလို့ မပါဘူး။ အဲဒီအညွှန်းစာကို သဲသဲကွဲကွဲ ဦးတို့က မသိရသေးဘူး ဖြစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါကြောင့် ဒီနေ့မှ စလျှော့တာဆိုတော့ ဘယ်ကားက ဘယ်လောက်ပေးရတယ်ဆိုတာ ဇွန် ၃ ရက် လောက်မှ သိရမယ်။ ဥပမာ သဘက်ခါလောက်ကျတော့ မန္တလေးက ကားက ရန်ကုန်ရောက်လာပြီ ကားခ ဘယ်လောက် ကုန်ခဲ့တယ်။ အရင် ၁၉၀၀၀၀ ကုန်ရင် အခု ကျပ် ၉၀၀၀၀ ပဲကုန်တယ်။ ဒါမျိုးပေါ့ သိလာရမှာ။ ဒီနေ့မှ စလျှော့တာဆိုတော့ မသိရသေးဘူး”ဟု ရှင်းပြသည်။
ရန်ကုန်မြို့ရှိ လမ်း၊ တံတားကောက်ခံခများကိုမူ ယခင်လကတည်းက လုံးဝ ကောက်ခံခြင်း မရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
You may also like these stories:
ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော
မန္တလေး ကျောက်ဝိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ရရန် တင်ပြမည်
COVID-19 စီးပွားရေး ကုစားမှု စီမံချက် လွှတ်တော်ကို တင်ပြဖို့ အမတ်တွေ တောင်းဆို