COVID 19 ကြောင့် ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချရန် အခက်အခဲ ဖြစ်နေသော ရှမ်းပြည်နယ်ရှိ ဂေါ်ဖီစိုက်တောင်သူများထံမှ ဂေါ်ဖီထုတ် ပိဿာချိန် ၉ သောင်းခန့်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန အောက်ရှိ သမဝါယမ အသင်းများက ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပင်လောင်း ပင်းတယမြို့နယ်များရှိ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရန် အခက်အခဲဖြစ်သော ဂေါ်ဖီစိုက် တောင်သူများထံမှ ဂေါ်ဖီများကို ရှမ်းပြည်နယ် သမဝါယမ အသင်းက ဝယ်ယူပေးမည် ဖြစ်သည်။
ထို့နောက် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သမဝါယမ အသင်းများက တဆင့်ပြန်လည်ဝယ်ယူ၍ သက်သာသော ဈေးနှုန်းများဖြင့် ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးကျော်မြခိုင်က ဧရာဝ တီသို့ ပြောသည်။
၎င်းက “ဒါက No Profit ၊ No loss ပေါ့။ တောင်သူတွေဆီက ဝယ်ပြီးရင် ဝယ်ရတဲ့ ဈေးရယ်၊ သယ်ယူပို့ဆောင်ရေး ကား ခလောက်ကို တွက်ပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြန်ရောင်းပေးတဲ့ အစီအစဉ်ပါ။ ဒါက အခက်အခဲဖြစ်နေတဲ့ တောင် သူလည်း အဆင်ပြေ၊ အခြားတိုင်းနဲ့ ပြည်နယ်တွေက ပြည်သူတွေလည်း ဒီကုန်တွေကို ဈေးနှုန်း သက်သက်သာသာ ဝယ် ယူ စားသုံးနိုင်အောင် ရည်ရွယ်ပြီး လုပ်တာပါ” ဟု ဆိုသည်။

လက်ရှိ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်း စသည့် ဒေသများတွင် ရှမ်းပြည်နယ်ထွက် ဂေါ်ဖီ ပိဿာချိန်ပေါင်း ၄ သောင်းခန့်အထိ ရောင်းချပေးထားပြီး ဖြစ်ကာ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ကရင် ပြည်နယ်တို့ကို ပိဿာ ချိန် ၅ သောင်းခန့် အထိ ရောင်းချသွားရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၏ တာဝန်ရှိသူ တဦးက “အဓိက က တောင်သူ တွေက သူတို့ သီးနှံတွေက မရောင်းရလို့ အခက်အခဲ ဖြစ်နေကြတဲ့အတွက် ကျမတို့ဘက်ကလည်း တဖက်တလမ်းကနေ ကူညီဆောင်ရွက်ပေးတာပေါ့။ သူတို့ရဲ့ စိုက်ပျိုးရေး စရိတ်လောက်က ပြန်ကာမိအောင် ဝယ်ပေးတဲ့ သဘောပါ” ဟု ဆို သည်။

ယင်းသို့ သမဝါယမက ဝယ်ယူပေးခြင်းအပြင် တပ်မတော်နှင့် ကုမ္ပဏီများ၊ ပရဟိတ အဖွဲ့များက လာရောက် ဝယ်ယူပေး ခြင်း တို့ကြောင့် ရှမ်းပြည် နယ်ရှိ ဈေးကွက် မရှိ၍ အခက်အခဲဖြစ်နေသော ဂေါ်ဖီစိုက်တောင်သူ အားလုံးနီးပါးခန့် အဆင် ပြေသွားကြပြီ ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ် စီးပွားရေး အုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလည်း COVID 19 ကြောင့် အခက်အခဲ ဖြစ်နေသော ရှမ်းပြည်နယ်ရှိ ဂေါ်ဖီစိုက်တောင်သူများထံမှ ဂေါ်ဖီထုတ်၅သိန်းကျော်ကို ဝယ်ယူပေးခဲ့သည်။
You may also like these stories:
လမ်းတံတားကြေး ကောက်ခံမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချ
ကိုဗစ်ကို အကြောင်းပြ၍ နယ်စပ်ကုန်သွယ်ရေးကို တင်းကြပ်ခြင်း မဟုတ်ဟု တရုတ်ပြော
COVID-19 အလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်ထူထောင်နိုင်ရေး ကန်ဒေါ်လာ သန်း ၂၀၀ ချေးမည်