တပ်မတော်က Facebook ပြန်သုံးရန် ဆုံးဖြတ်လိုက်သဖြင့် တပ်မတော်နှင့် သက်ဆိုင်သော သတင်းများကို “တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့” နှင့် “ဇော်မင်းထွန်း” အမည်တို့ဖြင့် အကောင့်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုလို ကာလတွင် သတင်းမှားများ၊ လုပ်ကြံသတင်းများ များပြားနေသဖြင့် သတင်းရရှိမှု မြန်ဆန်နိုင်ရန်၊ သတင်းများကို အမှန်အတိုင်း သိနိုင်ရန် မြန်မာနိုင်ငံတွင် အသုံးများနေသည့် လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebbook အသုံးပြုရ ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“အမှားရော အမှန်ရော ရှုပ်ထွေးနေတဲ့အတွက် မှန်ကန်တဲ့ သတင်းတွေကို ပြည်သူလက်ထဲ၊ သတင်းမီဒီယာတွေရဲ့ လက်ထဲ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ရောက်ရှိရေးအတွက် အသုံးများနေတဲ့ Facebook ကို အသုံးပြုရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် “တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့” နှင့် “ဇော်မင်းထွန်း” အမည်တို့ဖြင့် ဖွင့်လှစ်ထားသည့် Facebook အကောင့်များတွင် သတင်းများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ Facebook အကောင့် အပါအဝင် တပ်မတော်နှင့် ပတ်သက်သည့် အကောင့်များ ပိတ်ပင်ခံခဲ့ရပြီး နောက်ပိုင်းတွင် ယင်းလူမှုကွန်ရက်ကို ဆက်လက် အသုံးမပြုရန် တပ်မတော်က ဆုံးဖြတ်ခဲ့သည်။
Facebook က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားအပါအဝင် မြန်မာနိုင်ငံရှိ လူ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရာတွင်ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ဖော်ခဲ့၍ ပိတ်ပင်ရခြင်းဖြစ်သည်ဟု ၂၀၁၈ ခုနှစ်၊ သြဂုတ်လက ကြေညာခဲ့သည်။
ထို့ကြောင့် ထိုလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် Facebook ပေါ်မှ စာမျက်နှာ (Page) ၆ ခု နှင့် အကောင့် ၆ ခု အပြင် လူအစစ်အမှန်က သုံးစွဲနေသည်ဟု မယူဆရသည့် စာမျက်နှာ (Page) ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း တပ်မတော်အတွက် ဝါဒဖြန့်မှုများ ဆောင်ရွက်နေသည်ဟု ယူဆသည့်အတွက် ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။
တပ်မတော်သည် သတင်းမီဒီယာများနှင့် ယခင်က ဆက်ဆံရေး မကောင်းခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက်တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲများ ပုံမှန်ပြုလုပ်လျက် ရှိသည်။