COVID 19 အလွန် မြန်မာ-တရုတ်စီးပွား မြှင့်တင်ရန်အတွက် နှစ်နိုင်ငံပြည်သူများကြား ပိုမိုအားကောင်းသော ဆက် ဆံရေး တိုးမြှင့်သွားရန် ပံ့ပိုးပေးသွားမည်ဟု မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Chen Chen က ပြောသည်။
၎င်းက “နှစ်နိုင်ငံ ပြည်သူများ အကြား စိတ်သဘောထား တူညီမှုများ ယခုထက် ပိုမိုအားကောင်းဖို့၊ နှစ်ဦးနှစ်ဖက် ကူးလူး ဆက်ဆံမှုများ ပိုမို တိုးမြှင့်သင့်ပါတယ်။ ကျနော့်အနေနဲ့လည်း အားလုံးနဲ့ လက်ချင်းတွဲပြီး မတူတဲ့ နယ်ပယ်မှာ ၂ နိုင်ငံ မိတ်ဖက်အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် တွန်းအားပေးပြီး အလားအလာကောင်းများစွာရှိတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်ဖို့ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မန္တလေး အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ကြီးမှူး၍ မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် “ကိုဗစ် အလွန် မြန်မာ့ စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး” ခေါင်းစဉ်ဖြင့် ယနေ့ ပြုလုပ်ခဲ့သော အွန်လိုင်း ဆွေးနွေးပွဲ၌ တရုတ် ကောင်စစ်ဝန်ချုပ်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး ရန်ကုန် မြို့သစ်စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးဇုန်၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဇုန်တို့ကို တွန်းအားပေးဖော်ဆောင်ရန် သဘောတူ ညီခဲ့ကြပြီး အပြန်အလှန် ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ လူမှု အကျိုးပြုလုပ်ငန်း စသည့် ကဏ္ဍများကို လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုမှ တဆင့် ပြည်သူများ အကျိုးအမြတ်များများ ရရှိရန် ဆောင် ရွက်ပေးမည်ဟု ကောင်စစ်ဝန်ချုပ်က ပြောဆိုသွားသည်။
အဆိုပါ ဆွေးနွေးပွဲကို တရုတ် ကောင်စစ်ဝန်ချုပ် အပါအဝင် ယူနန်တက္ကသိုလ် မြန်မာ့ရေးရာ သုတေသနဌာနမှ ပါမောက္ခများ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ ရတနာပုံ တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ များ၊ မြန်မာနိုင်ငံ မဟာဗျူဟာ လေ့လာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန စသော အဖွဲ့အစည်းများမှ ပညာရှင်တို့က ကိုဗစ်အလွန်တွင် ဖြစ်လာနိုင်ခြေရှိသော မြန်မာ့စီးပွားရေး အလားအလာ၊ တရုတ်၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတ သွယ် စီမံကိန်းနှင့် ဆက်စပ်သော အကြောင်းအရာများအား ဆွေးနွေး ပြောကြားခဲ့ကြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသည် နှစ် ၇၀ ပြည့်ပြီ ဖြစ်သလို မြန်မာနှင့် မိုင်ပေါင်း ၂၃၀၀ ကျော် နယ် နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်း တရုတ်နိုင်ငံသည် နယ်စပ်မှလည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်း ကောင်း ကုန်သွယ်မှု အများဆုံး လုပ်နေသော မိတ်ဖက်နိုင်ငံဖြစ်သလို မြန်မာ၌ ရင်းနှီးမြှပ်နှံမှု အများဆုံး ပြုလုပ်သော ထိပ်ဆုံး ၅ နိုင်ငံစာရင်းတွင်လည်း ပါဝင်သည့် နိုင်ငံ ဖြစ်သည်။
သို့ရာတွင် နယ်စပ် ကုန်သွယ်ရေးကဏ္ဍ၌ ကိုဗစ် မတိုင်ခင်၊ ကိုဗစ် ကာလများအတွင်း တရုတ်နိုင်ငံသည် ကုန်သွယ်ရေး ဆိုင်ရာ မညီမျှများ၊ အသာစီး ရမှုများကြား မြန်မာကုန်သည်နှင့် တောင်သူများမှာ မကြာခဏ အခက်အခဲများဖြင့် ရင် ဆိုင်နေရဆဲ ဖြစ်သည်။
မူဆယ် နမ့်ခမ်းကုန်သည်ကြီးများ အသင်း၏ ဗဟို အလုပ်အမှုဆောင် ဦးစိုင်းခင်မောင် က “ဗဟိုအစိုးရက ဘယ်လိုပဲ နိုင်ငံရေး အကျိုးစီးပွားအရ ပြောနေပါစေ။ အောက်ခြေမှာ တကယ် ထိတွေ့လုပ်ကိုင်နေရတဲ့ အခြေအနေကတော့ သူ့ လက်ခုပ်ထဲက ရေလိုပါပဲ။ သွန်လိုသွန် မှောက်လိုမှောက်ပါပဲ။ အခုလဲ သူတို့လိုချင်တဲ့ ကုန်ဆိုရင် ဖွင့်ပေးတယ်။ မလို ချင်ရင် ကိုဗစ် အကြောင်းပြပိတ်တယ်” ဟု ဧရာဝတီကို ပြောသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် Think Tank အဖွဲ့ဝင် ဦးခင်မောင်စိုးကလည်း “မြန်မာက တရုတ်အတွက် ပထဝီ နိုင်ငံရေးမှာ အရေးပါတယ် ဆိုတာ ငြင်းမရပါဘူး။ ဗဟိုအစိုးရက ချစ်ကြည်ရေးကို အခြေခံပြီး နိုင်ငံရေး ပုံရိပ်ကောင်း တွေ တည်ဆောက်တာမျိုးဖြစ်ပေမယ့် အောက်ခြေအဆင့်မှာ ကွာဟမှုတွေ ရှိနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် ကျနော်တို့ အစိုးရက ခိုင်မာတဲ့ ကတိကဝတ်တွေနဲ့ ကိုယ့်နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ဖို့တော့ လိုပါ လိမ့်မယ်” ဟု ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် နိုင်ငံအဆင့် သာမက အဆင့်တိုင်း ညှိနှိုင်းထိတွေ့ကာ ယုံကြည်မှု တည်ဆောက်သင့်ကြောင်း မြန်မာနိုင်ငံ မဟာဗျူဟာ လေ့လာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန၏ တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်လင်းက ပြောသည်။
၎င်းက “တရုတ်ကြောက်တယ် ဆိုတဲ့စကားမျိုး ကျနော်တို့ ကြားရပါတယ်။ မိတ်ဆွေဖြစ်ရင် ကျနော်တို့ ကြောက်စရာ မလို တော့ပါဘူး။ ဒါကြောင့် နှစ်နိုင်ငံ ညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံအဆင့် အကြီးအကဲတွေချည်းပဲ လုပ်ရမှာ မဟုတ်ပါဘူး။ ဒါမှသာ ယုံကြည်မှု တိုးလာမှာပါ” ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်များက ကိုဗစ်အလွန် မြန်မာစီးပွားရေး အလား အလာ၊ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ၊ ရပ်ဝန်းတခု လမ်းကြောင်းတသွယ် စီမံကိန်းနှင့် ပတ်သက်သော အကြောင်းများ အားများအား တဦးချင်း ဆွေးနွေးခဲ့ကြသလို တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် မြန်မာ့ရေးရာ သုတေသနဌာနတွင် တက်ရောက်နေသော ကျောင်းသူကျောင်းသား အများစုက တက်ရောက် နားထောင်ခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန်
ကရဝိတ်ခန်းမနှင့် မြေနေရာ ငှားရမ်းရန် တင်ဒါများ ရောင်းချ
တရုတ်ပိုင် သြစတြေးလျ အခြေစိုက် လုပ်ငန်းကို ကြေးနီနှင့်ရွှေ ရှာဖွေတူးဖော်ခွင့်ပေး
ရန်ကုန်မြို့ရှိ ဟိုတယ်များကို လမ်းညွှန်ချက်များနှင့် ညီ မညီ စစ်ဆေးမည်