အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရမ်းဗြဲမြို့နယ် အလုပ် အမှုဆောင်၊ မြို့နယ်ဘဏ္ဍာရေးမှူးလည်း ဖြစ်သူ ဦးဇေယျာမင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်း ခံခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သတင်း ရရှိသည်။
ဖမ်ဆီးခံခဲ့ရသူ ဦးဇေယျာမင်းမှာ ထိခိုက်မှု တစုံတရာ မရှိဘဲ ကျန်းကျန်း မာမာနှင့်ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။
ဦးစိုးလေးက “ ကိုဇေယျာမင်း ပြန်လွတ်လာတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်ကို ရမ်းဗြဲမြို့နယ်အလုပ်အမှုဆောင်တွေ ပြောပြတာက ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ပြန်လွတ်လာတာ ဖြစ်တယ်လို့ ပြောတယ်။ အသေးစိတ်ကတော့ ကျနော်လည်း မသိဘူး။” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဇေယျာမင်း ဖမ်းဆီးခဲ့ခဲ့ရသည့် အကြောင်းအရင်းနှင့် မည်ကဲ့သို့ ပြန်လည် လွတ်မြောက်လာသည် ဆိုသည့် အသေးစိတ် အချက်အလက်ကို သိရှိနိုင်ရန် ကာယကံရှင် မိသားစုဝင်များနှင့် ရမ်းဗြဲမြို့နယ်အတွင်းမှ NLD ပါတီဝင်များ ကို ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ ။
NLD ပါတီဝင် ရမ်းဗြဲမြို့နယ်အလုပ်အမှုဆောင် ဦးဇေယျာမင်းသည် ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် ရမ်းဗြဲမြို့နှင့် ၁၀ မိုင်ခန့်အကွာ ကျောက်ဆောက်ရွာနှင့် ကုလားပုန်းကျေးရွာအကြားတွင် တည်ရှိသော သစ်စက်မှ ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ၁ ဦးနှင့်အတူ အိမ်ပြန်လာစဉ် လက်နက်ကိုင် ၈ ဦး ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဦးဇေယျာမင်း ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် NLD ပါတီဝင်များက ရက္ခိုင့်စစ်တပ် ( AA ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသည်ဟု စွပ်စွဲကြသော်လည်း AA ဘက်က ငြင်းဆိုထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ရမ်းဗြဲမြို့ပေါ်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ ) တွင် သွားရောက် ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြို့နယ် NLD ပါတီဝင်များက ဦးဆောင် ကာ ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ကြပြီးနောက် မြို့နယ် ပါတီခေါင်းဆောင်အချို့မှာ ဖုန်းဖြင့်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် လည်းကောင်း ခြိမ်းခြောက်ခံရမှုများ ရှိခဲ့ကြောင်း အဆိုပါ ပါတီခေါင်းဆောင်အချို့က ပြောပြကြသည်။
၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၁ရက်က ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်မည်ကို မနှစ်မြို့သဖြင့် AA က ဖမ်းဆီးခဲ့သည်၊ ထို့နောက် AA အဖွဲ့၏ လက်တွင် ဦးရဲသိန်း အသက်ဆုံးရှုံးခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ ဖြစ်ပွားနေသော တိုက်ပွဲ ကာလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သားများမှာ နှစ်ဘက် တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံနေရသည့်အတွက် ဒေသခံ ရခိုင်လူထုကြားတွင် စိုးရိမ်မှုများ မြင့်တက်လျှက် ရှိသည်။
ဆက်စပ်လင့်
ရမ်းဗြဲမြို့နယ် NLD အလုပ်အမှုဆောင် ဦးဇေယျာမင်း လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရ
ICJ ထောက်ခံပွဲကို မကြိုက်၍ NLD ဥက္ကဋ္ဌကို ဖမ်းလိုက်တာဟု AA ပြော
ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ သေဆုံးမှု တိုက်ပွဲကြောင့် မဟုတ်ဟု တပ်မတော် ပြော
ချင်းအမတ် ဦးဝှေ့တင်း အသက်ရှင်နေကြောင်းကို သက်သေပြမည် မဟုတ်ဟု AA ပြော