မန္တလေးတိုင်း အတွင်း ဇွန် ၁၆ ရက်က စတင်၍ ပုဂ္ဂလိကနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ မဖြစ်မနေ ဖွင့်လှစ်ရန် လိုအပ်သော သင်တန်းများအား ပြန်လည် ဖွင့်ခွင့်မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေ ညာသည်။
တိုင်းအတွင်း ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်အချို့ ဇွန် ၁၆ ရက်မှ စတင်၍ ထပ်မံ ဖြေလျှော့လိုက်ရာ ပုဂ္ဂလိက၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် သင်တန်းများအနက် ဘာသာစကား၊ စာရင်းကိုင်၊ ကွန်ပြူတာ သင်တန်း အစရှိသည့် သင်တန်းများနှင့် စွမ်းရည်မြှင့် သင်တန်း (Capacity Building) ကဲ့သို့ ဖွင့်လှစ်ရန် လိုအပ်သော သင်တန်း များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID 19 ရောဂါ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြန်လည် ဖွင့်လှစ်ခွင့် ပြုမည်ဟု ပါရှိသည်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က “လူမှုစီးပွားအတွက် ထုတ်ပြန်ထား တဲ့ ဒေသန္တရ အမိန့်တွေကို တခုချင်း မဖြစ်မနေ ဖြေလျှော့ရမယ်။ အဲဒီလိုပဲ တဖက်မှာလည်း ရောဂါကူးစက်မှုကို ထိန်း ချုပ်နိုင်ဖို့ လုပ်ငန်းတွေ အလိုက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်တွေကိုလဲ သေချာ လိုက်နာဖို့ လိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သို့သော် လူစုလူဝေး ဖြစ်စေနိုင်မည့် ပွဲလမ်းသဘင်များ၊ ဘာသာရေး အခမ်းအနားများ၊ ဆုတောင်းပွဲများနှင့် အပန်းဖြေ လုပ်ငန်းများအား ဆက်လက် ကန့်သတ်ထားမည် ဖြစ်ပြီး မလိုက်နာပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ဆိုသည်။
ထို့ပြင် မန္တလေးတိုင်းအတွင်းသို့ ပြင်ပနိုင်ငံများမှ ပြန်လာသူများနှင့် မန္တလေးတိုင်းပြင်ပ ရောဂါပိုး တွေ့ရှိသူများပြား သည့် ဒေသမှ လာရောက်သူများ အားလုံး Community Based Facility Quarantine ၂၁ ရက်နှင့် Home Quarantine ၇ ရက် ထားရှိ ဆောင်ရွက်ရန်နှင့် လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန် ချက်၌ ပါရှိသည်။
မန္တလေးတိုင်းအတွင်း COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်ရန်အတွက် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကို ဆက်လက် ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိ တိုင်းအတွင်း ဆိုင်ထိုင် စနစ်ဖြင့် အစားအသောက် ရောင်းချနေသည့် ဆိုင်များအားလုံး ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေ၍ ဖွင့်လှစ် ခွင့်ပြုခဲ့ရာ သတ်မှတ်ချက်များ လိုက်နာမှု မရှိ ပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ်ဆိုပါက ဒဏ်ငွေ ချမှတ်ခြင်း၊ တတိယ အကြိမ် မလိုက်နာပါက ကာ လ အကန့်အသတ် တခုအထိ ပိတ်သိမ်းသွားမည်ဟု တိုင်းအစိုးရအဖွဲ့က အသိပေးကြေညာထားသည်။
ဆက်စပ်ဖတ်ရှုရန်
မန္တလေးတိုင်း ဒေသန္တရအမိန့်များ ယနေ့ စတင် ဖြေလျှော့
မန္တလေးတိုင်းရှိ တားမြစ်ချက်များ ဦးစားပေး အဆင့် ၃ ဆင့်ဖြင့် ဖြေလျှော့မည်