ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းအာဏာပိုင်များက လာရောက်သတိပေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကရင်ပြည်နယ်၊ ဘားအံခရိုင် အတွင်းရှိ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတွင် ယခုလ ၁၅ ရက်နေ့မှ စ၍ ၁၇ ရက်နေ့ အထိ ကျင်းပ ပြုလုပ်နေသည့် ထိပ်သီး အစည်းအဝေးကို ထိုင်းအာဏာပိုင်များက ဇွန် ၁၆ ရက်နေ့တွင် လာရောက် သတိပေးခြင်းဖြစ်သည်။
KNU သတင်းရင်းမြစ် တဦးက “ထိုင်းအာဏာပိုင်းတွေက ဒီလေးဝါး အထိ လာပြောတယ်။ အရင်လို ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ မရတော့ဘူး။ နောက်ဆိုရင် သူတို့ကို အကြောင်းကြားရတော့မယ်။ အဲဒါမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိကာလသည် ထိုင်းနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံ၏ ဝင်ပေါက် ထွက်ပေါက်များကို လုံခြုံရေး တင်းကြပ်ပြီး စိစစ်ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိသည်။
ထိပ်သီး အစည်းအဝေး ပြုလုပ်သော KNU တပ်မဟာ ၇ နယ်မြေသည် ထိုင်းနိုင်ငံနယ်စပ်နှင့် သောင်ရင်းမြစ်သာ ခြားသည်။ ထိုင်နိုင်ငံဘက်တွင် နေထိုင်သည့် ထိပ်သီးခေါင်းဆောင် အချို့သည် ထိုမြစ်ကို ဖြတ်ကာ အစည်းအဝေး တက်ကြခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး အပါအဝင် နိုင်ငံရေး ဘက်မှ ထိပ်သီး ခေါင်းဆောင်များ၊ တပ်မဟာ အသီးသီးမှ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ကြကြောင်းသိရသည်။
အစည်းအဝေးပြီးလျှင် ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံဘက်သို့ ပြန်လာ၍ ရမရ ကိုတော့ မသိရသေးပေ။
KNU ကတော့ ထိုအစည်းအဝေးတွင် အစိုးရနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဇူလိုင်လထဲတွင် ပြုလုပ်ရန် ရာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ရမည့် ကိစ္စနှင့် တပ်မဟာ ၅ နယ်မြေတွင် တပ်မတော်နှင့် KNLA တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးကြကြောင်း သိရသည်။
ယခုကဲ့သို့ KNU ထိပ်သီးအစည်းအဝေး သတိပေးခံရမှုသည် မြန်မာအစိုးရဘက်က တွန်းအားပေးမှု မဟုတ်ဘဲ ထိုင်းအစိုးရ၏ Covid-19 ကာလ နယ်စပ် ဝင်ထွက်သွားလာမှု တင်းကြပ်ခြင်းနှင့်သာ သက်ဆိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အရေး စောင့်ကြည့် လေ့လာသူ တဦးက သုံးသပ်သည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိစပ်နယ်မြေတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် KNU အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နှင့် ကရင် နယ်ခြားစောင့်တပ် (BGF) တို့ရှိသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် သည်ပင်လျင် Covid-19 ကာလ ထိန်းသိမ်းသည့် အနေဖြင့် ထိုင်းနိုင်ငံဘက် သို့ ပြန်မလာဘဲ လွိုင်တိုင်းလျဲန်း ဗဟိုဌာနချုပ်တွင် နေထိုင်နေသည်မှာ ၃ လခန့်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဆေးကုသရန် လာသည့် RCSS ဒုဥက္ကဋ္ဌ ၂ ဗိုလ်ချုပ် ခေးငင်း လည်း ဆေးစစ်လာရာမှ ဗဟိုဌာနချုပ်သို့ မပြန်နိုင်ဘဲ ဖြစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရအနေဖြင့် Covid-19 ကာလ ကျန်းမာရေး အရ လူအဝင်အထွက် စိစစ် ကြပ်မတ်မှုများ ပြုလုပ်ထားသော်လည်း စားသောက်ကုန်များကိုတော့ ဝင်ထွက်ခွင့် ပြုထားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဆိုသည်။