ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မြန်မာနိုင်ငံထဲကို ပို့မည့် တရုတ်နိုင်ငံလုပ်လက်နက်များကို ထိုင်းစစ်တပ်နှင့် ရဲအပါအဝင် ပူးပေါင်း အထူးတပ်ဖွဲ့က ယနေ့မနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
မဲဆောက်မြို့ မယ်သောင်ကျေးရွာ အမှတ် ၂ ရပ်ကွက်ရှိ ထိုင်းနိုင်ငံသားတဦး၏ နေအိမ်ကို ပူးပေါင်း အထူးတပ်ဖွဲ့က စီးနင်း ဝင်ရောက် ရှာဖွေရာမှ ဖမ်းမိခြင်းဖြစ်ပြီး လက်နက်များထဲတွင် AK 47၊ စက်လတ်၊ တင့်ကားဖျက်မိုင်း၊ လက်ပစ်ဗုံးများနှင့် ကျည်များ ပါဝင်သည်။
ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် သတင်းရင်းမြစ် တဦးက “ဒီလက်နက်တွေက အခု AA တို့ ဘာတို့ ကိုင်နေတဲ့ဟာမျိုးတွေ မဟုတ်ဘူး။ ဝ တို့ KIA တို့က ထုတ်တဲ့ ဟာတွေကတော့ အရည်အသွေး မမီဘူး။ အချက်ရေ ဘယ်လောက်ဆိုတာ ပစ်လို့မရဘူး။ ဒီပစ္စည်းတွေက ကြတော့ တရုတ်နိုင်ငံက Original ထွက်တဲ့ဟာတွေ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံဘက်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝယ်လိုအားကြောင့် မဲဆောက်မြို့ဘက်တွင် လက်နက်ဈေးကွက်ကဲ့သို့ ဖြစ်နေပြီး ပြန်ရောင်းရာတွင်လည်း အမြတ်အစွန်း များများရသဖြင့် တပိုင်တနိုင် ဝယ်ရောင်း လုပ်သူများပင်ရှိကြောင်း သိရသည်။
AK 47 ရိုးရိုး တလက်လျှင် ကာလပေါက်ဈေး ထိုင်းဘတ် ၁ သိန်း (ကျပ် ၄၅ သိန်း) ခန့်ရှိပြီး စက်လတ်မှာ ဘတ် ၃ သိန်းခန့်ရှိကြောင်း၊ ယခုဖမ်းမိသည့် လက်နက်များ၏ စုစုပေါင်း တန်ဘိုးမှာ ဘတ် သန်း ၃၀ ဝန်းကျင်ခန့် ရှိကြောင်း အထက်ပါ ဧရာဝတီ သတင်းရင်းမြစ် က ပြောသည်။
၎င်းက “ကျနော်တို့ အများဆုံး လေ့လာမိတာကတော့ အိန္ဒိယ နယ်စပ် ဘက်နဲ့ AA ဘက်ကို သွားတာ များတယ်။ သူတို့ဈေးလည်း အပေးကောင်းတာကိုးနော်” ဟု ရှင်းပြသည်။
အဆိုပါ လက်နက်များမှာ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ အိန္ဒိယ အစိုးရကို တော်လှန်နေသည့် ကသည်း သူပုန်များ၊ နာဂ အဖွဲ့များနှင့် ရက္ခိုင်စစ်တပ် (AA) တို့ထံသွားလေ့ရှိကြောင်းလည်း သိရသည်။
တပ်မတော် သတင်းရင်းမြစ်တဦးကတော့ AA အဖွဲ့ထံသွားမည့် လက်နက်များဟု ယူဆကြောင်း ပြောသည်။
ထိုလက်နက်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ထိုင်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးထားသလို မဲဆောက်မြို့နှင့် ၆၅ ကီလိုမီတာခန့် ကွာဝေးသည့် မယ်လ ဒုက္ခသည် စခန်းတွင် ကွင်းဆက်သံသယရှိသူ မြန်မာနိုင်ငံသား ၆ ဦးကို ထပ်မံ ဖမ်းဆီးထားကြောင်းသိရသည်။
ထို ၆ ဦးတွင် ၄ ဦးမှာ ကရင်တိုင်းရင်းသားများ ဖြစ်ပြီး ၂ ဦးမှာ ရခိုင်တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က အယ်ဂျာဇီးရား သတင်းထောက် ဂျွန်စံလင်းအား မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာရှိ နေအိမ်တအိမ်တွင် လေယာဉ်ပစ်ကျည် အတာင့် ၁၀၀၀ ကျော် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ထိုဖမ်းဆီးမှုဆက်စပ်၍ ဂျွန်စံလင်းသည် KIA နှင့် ပတ်သက်ဆက်နွယ်သည်ဟု ဆိုကာ မြစ်ကြီးနားမြို့ပေါ်ရှိ KIO ၏ ငြိမ်းချမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့ရုံး ကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။
You may also like these stories:
AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦးအမှု ဒုတိယစွဲချက်အမိန့်ချရန်ရှိ
စောဒေးဗစ်လားအား စွဲချက်တင်၊ မတင် လာမည့် ရုံးချိန်း၌ ကြားနာမည်