မန္တလေးတိုင်း မြို့သာစက်မှုဇုန် ဆေးခြောက်စိုက်ခင်း တာဝန်ခံ ကိုရှိန်းလတ် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရခြင်း အပေါ် မန္တလေး တိုင်းတရားရုံးသို့ ယနေ့အယူခံတင်လိုက်ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောသည်။
“ကိုရှိန်းလတ်ကို အထိုက်အလျောက် တာဝန်ရှိတယ်လို့ ခရိုင်တရားရုံးက ဆုံးဖြတ်သွားတယ်။ အထိုက်အလျောက် ဆိုတဲ့ စကားလုံးက ဥပဒေမှာ မရှိပါဘူး။ အပြစ်ရှိရင်ရှိတယ်။ မရှိရင် မရှိဘူးပဲ။ အဲဒီအချက်တွေကို အခြေပြုပြီး အယူခံ တင်သွင်းတာပါ” ဟု ရှေ့နေဦးသိန်းသန်းဦးက ရှင်းပြသည်။
အယူခံတင်သည့် အပေါ် မန္တလေးတိုင်း တရားရုံးက လက်ခံလိုက်ကြောင်း၊ အယူခံတင်ခြင်းနှင့် ပတ်သက်၍ တိုင်း တရားရုံးတွင် အစိုးရရှေ့နေနှင့် တရားခံရှေ့နေတို့ အပြန်အလှန် လျှောက်လဲချက် ပေးရမည်ဖြစ်ပြီး အဆုံးအဖြတ်ကို အယူခံလက်ခံပြီးနောက် ၂ လကျော်မှသာ သိရှိနိုင်မည်ဟု သိရသည်။
“အမှုမှာ ပြောစရာ ဥပဒေ ပြဿနာတွေ အများကြီးရှိတယ်။ ကိုရှိန်းလတ်အပေါ်မှာ စိုက်ခင်းမန်နေဂျာလို့ ပြောပြီး ချတဲ့ ပြစ်ဒဏ်က မျှတရဲ့လား။ ဘာအထောက်အထားမှ မရှိဘူး။ ငွေပေးစာရင်း၊ အလုပ်ခန့်စာ၊ ကျန်သက်သေခံ အထောက် အထားက ကုမ္ပဏီက ၁ဦးမှ မပါတော့ တရားလိုဘက်က ဘယ်သူမှ သက်သေ မပြနိုင်ဘူး”ဟု ၎င်းက ဆက်ပြော သည်။
ကိုရှိန်းလတ်အား ပြီးခဲ့သည့် မတ်လ ၁၀ရက်က မြင်းခြံခရိုင်တရားရုံးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (က)၊ ၁၉ (က) တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ တပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့သည်။
မူလအမိန့်ချသည့် တရားရုံးထက် တဆင့်မြင့်သော ရုံးသို့ အယူခံတက်ခြင်းကြောင့် ကိုရှိန်းလတ်အပေါ် ချမှတ်ထား သော ပြစ်ဒဏ်သည် တိုင်းတရားရုံးတွင် ကွင်းလုံးကျွတ်လွတ်ခြင်း (သို့မဟုတ်) ပြစ်ဒဏ်လျှော့ခြင်း (သို့မဟုတ်) အမှုအား ပယ်ဖျက်ခြင်း အခြေအနေ ၃ မျိုးအနက် ၁ ခုကို ရရှိနိုင်မည်ဖြစ်သည်ဟု ရှေ့နေဦးသိန်းသန်းဦးက သုံးသပ်သည်။
ကိုရှိန်းလတ်သည် လက်ရှိတွင် မြင်းခြံထောင်၌ အကျဉ်းကျနေပြီး ၎င်းတွင် ဇနီးနှင့်သား ၁ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က မန္တလေးတိုင်း မြို့သာစက်မှုဇုန်စီမံကိန်းဧရိယာအတွင်း ဆေးခြောက် စိုက်ပျိုးသည်ဟု လူမှု ကွန်ရက် တွင် ပျံ့နှံ့ခဲ့ပြီးနောက် စိုက်ခင်းနှင့်ပတ်သက်သော အမေရိကန်နိုင်ငံသား ဂျွန်ဖရက်ဒစ် တိုဒိုရိုကီ ဆိုသူ အပါအဝင် စိုက်ခင်းတာဝန်ခံ ကိုရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့ကို ၂၀၁၉ ခုနှစ် ဧပြီတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယင်း အမေရိကန်နိုင်ငံသားမှာ အမှုရင်ဆိုင်စဉ် ကျပ်သိန်း ၃၂၀၀ ကျော်ဖြင့် ကျန်းမာရေး အာမခံရရှိခဲ့ပြီးနောက် အမှု လာရောက် ရင်ဆိုင်ခြင်းမရှိတော့ဘဲ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ကာ အမေရိကန်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။
အမှုတွင် ပါဝင်သော မရွှန်းလဲ့မြတ်နိုးကိုလည်း ပြီးခဲ့သောဖေဖော်ဝါရီလက မြင်းခြံခရိုင်တရားရုံးက တရားရှင် လွှတ်ပေး ခဲ့သည်။
ဆက်စပ်လင့်
မြို့သာဆေးခြောက်အမှု စိုက်ခင်းတာဝန်ခံ ကိုရှိန်းလတ် ထောင် နှစ် ၂၀ ချမှတ်ခံရ
ဆေးခြောက်လျှော်အမှုမှ အမေရိကန်နိုင်ငံသား ပတ်စပို့အသစ်လဲပြီး ထွက်ပြေးသွားခဲ့
ဆေးခြောက်လျှော်ပင် တရားဝင်စိုက်ခွင့်ရရေး လွှတ်တော်အဆိုတင်မည်